တပ်မတော်နေ့တက်ရောက်လာသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့က တွေ့ဆုံဂါရဝပြုနှုတ်ဆက်
မနက်ဖြန် မတ် ၂၇ ရက်တွင်ကျရောက်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ခေတ္တတည်းခိုနေသော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့မှ ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းကတွေ့ဆုံဂါရဝပြုနှုတ်ဆက်ခဲ့သည်။
တွေ့ဆုံဂါရဝပြုနှုတ်ဆက်စဥ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတက်ရောက်ချီးမြှင့်ပေး၍ကျေးဇူးတင်ရှိမှု၊ တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ အငြိမ်းစားတပ်မတော်အရာရှိကြီးများမှလည်း တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ရမှု၊ တပ်မတော်၏ ကောင်းမွန်သည့် အစဉ်အလာများနှင့်အညီ မိဘဆရာသမားသဖွယ်ပြုစုကူညီစောင့်ရှောက်မှုများအတွက် အထူးဝမ်းမြောက်ကျေးဇူးတင်ဂုဏ်ယူလျက်ရှိမှုနှင့် ဩဝါဒစကားများကို ပြန်လည်ပြောကြားခဲ့ကြသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးတို့သည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်းလိုက်လံဂါရဝပြုနှုတ်ဆက်ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များကိုမေးမြန်း၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။