မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် ကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် တပ်ကုန်း-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာ ကြား၌ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်များ တင်ဆောင်လာသည့် Shayan အမျိုးအစား ဆိုင်ကယ် ၂ စီးနှင့် Kenbo အမျိုးအစား ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်ရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးရာ ခွန်လိမ္မာ ၊ ၄၀ နှစ်၊ (ဘ) ဦးထွန်းလှိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်းကျေးရွာနေသူအား ဆိုင်ကယ် ၃ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်များအား ရှာဖွေ စစ်ဆေးခဲ့ရာ ဆာလာအိတ် ၆ အိတ်အတွင်းမှ ကျပ် ၃ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။