AI သုံး ကိရိယာသစ်က တောမီးအန္တရာယ်ကို ပိုမိုမြန်ဆန်စွာ ခန့်မှန်းပေးနိုင်

ဝယ်လင်တန်၊ မတ်လ ၂၅ ရက်

နူးဇီလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် လက်ရှိအသုံးပြုနေသော စနစ်များထက် အဆ ၃၀ ခန့် ပိုမိုမြန်ဆန်စွာ တောမီးအန္တရာယ်ကို ခန့်မှန်းပေးနိုင်သည့် AI ကိရိယာတစ်ခုကို တီထွင်လိုက်ကြောင်း သိရသည်။

အဆိုပါစနစ်သည် ရာသီဥတုတိုင်းထွာရေးစခန်းများမှ အချက်အလက်များကို စက်ပစ္စည်းမှသင်ယူခြင်း နည်းပညာဖြင့် ခွဲခြမ်းစိတ်ဖြာပြီး တောမီးမလောင်ခင် ဖြစ်ပေါ်လေ့ရှိသော ပုံစံများကို ဖော်ထုတ်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ပိုမိုမြန်ဆန်သော သတိပေးချက်များကို ထုတ်ပြန်ပေးနိုင်ပြီး မီးသတ်ဌာနများအတွက် ကုန်ကျစရိတ်များကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ကန်တာဘာရီတက္ကသိုလ် ၏ ဗုဒ္ဓဟူးနေ့ က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိအသုံးပြုနေသော တရားဝင်သတိပေးစနစ်အများစုမှာ တစ်နေ့လျှင် တစ်ကြိမ်သာ အချက်အလက်အသစ် တင်ပေးလေ့ရှိသော်လည်း ဤ AI စနစ်သစ်မှာမူ မိနစ် ၃၀ လျှင် တစ်ကြိမ် အလိုအလျောက် အသစ်တင်ပေးနေသဖြင့် ပြောင်းလဲလာသော တောမီးအန္တရာယ်ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း Wildland Fire ခေါ် နိုင်ငံတကာ ဂျာနယ်တွင် ဖော်ပြထားသည့် သုတေသနအရ သိရသည်။

“ကျွန်တော်တို့က ဒီမိုဒယ်ကို အစက ဒေသတစ်ခုတည်းမှာ စမ်းသပ်ဖို့ တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ အခုလေ့လာမှုအသစ်မှာတော့ မတူညီတဲ့ ရာသီဥတုအခြေအနေတွေမှာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရအောင် ဒေသအများအပြားမှာ ထပ်မံစမ်းသပ်ခဲ့ပါတယ်” ဟု ဤသုတေသနကို ဦးဆောင်သူ ကန်တာဘာရီ တက္ကသိုလ်မှ မြို့ပြနှင့် ပတ်ဝန်းကျင်အင်ဂျင်နီယာကထိက အယ်လ်ဘာတို အာဒစ် က ပြောကြားခဲ့သည်။ ဤ စက်ပစ္စည်းမှသင်ယူခြင်း စနစ်သည် နှစ်ပေါင်း ၆၀ ကျော်က ရာသီဥတု ၏ သမိုင်း ကြောင်း နှင့် တောမီးအချက်အလက်များကို အသုံးပြုထားသဖြင့် ခန့်မှန်းချက်များမှာ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုတိကျလာကြောင်း သုတေသီများက ဆိုသည်။ စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအရလည်း အဆိုပါ AI စနစ်သည် မလိုအပ်သော သတိပေးချက်အမှားများကို လျှော့ချပေးနိုင်သဖြင့် လက်ရှိစနစ်များထက် အကျိုးအမြတ် နှစ်ဆပိုမို ရရှိစေနိုင်မည် ဖြစ်သည်။
ရာသီဥတုပြောင်းလဲ လာမှုကြောင့် တောမီးအန္တရာယ် ပိုမိုဆိုးရွားလာချိန်တွင် ဤကဲ့သို့ အချက်အလက်အခြေပြု ခန့်မှန်းမှုများက သက်ဆိုင်ရာဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။

Ref: ရှင်းဟွာ

image