အီရန်နှင့်ညှိနှိုင်းပြီးဖြစ်၍ထိုင်းရေနံတင်သင်္ဘော ဟော်မုဇ်ကိုဘေးကင်းစွာ ဖြတ်သန်း


ထိုင်းနှင့် အီရန်တို့အကြား သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးနောက် ထိုင်းရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းကင်းဖြင့် ဖြတ်သန်းသွားနိုင်ခဲ့ကာ ယင်းသို့ဖြတ်သန်းနိုင်ရန်အတွက် ငွေပေးရန်မလိုခဲ့ကြောင်း ထိုင်းအရာရှိတစ်ဦးနှင့် သင်္ဘောပိုင်ရှင် ရေနံကုမ္ပဏီကြီးတစ်ခုက မတ်လ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောနှင့် ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးတို့က အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပြီးနောက် မတ်လ ၂၃ ရက်နေ့တွင် ဘန်ချက်ကော်ပိုရေးရှင်းပိုင် ရေနံတင်သင်္ဘောသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ သည်ဟုဆိုသည်။

“ထိုင်းသင်္ဘောတွေ ရေလက်ကြားကို ဖြတ်သန်းဖို့ လိုအပ်လာရင် ဘေးကင်းကင်းနဲ့ ဖြတ်သန်းခွင့်ရဖို့ ကူညီနိုင်ပါသလားလို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်” ဟု မစ္စတာ ဆီဟာဆက်က မတ်လ ၂၄ ရက်နေ့အနှောင်းပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူတို့က စောင်ရှောက်ပေးမယ်လို့ ပြန်ဖြေခဲ့ပြီး ဖြတ်သန်းမယ့် သင်္ဘောတွေရဲ့ နာမည်တွေကို ပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

ထိုင်းအလံလွှင့်ထူထားသော ကုန်တင်သင်္ဘော Mayuree Naree သည် ရေလက်ကြားတွင် ဒုံးကျည်တစ်စင်းဖြင့် တိုက်ခိုက်ခံရသောကြောင့် သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ခဲ့ပြီး သင်္ဘောသားများကို ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နှစ်ပတ်အကြာတွင် အထက်ပါထိုင်းရေနံတင်သင်္ဘော သည် ရေလက်ကြားကို ဘေကင်းစွာဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်သည်။

Mayuree Naree သင်္ဘောပေါ်သို့ အီရန်နှင့် အိုမန်အာဏာပိုင်များ ရောက်ရှိနေပြီဖြစ်သော်လည်း ပျောက်ဆုံးလျက်ရှိသေးသော သင်္ဘောသားသုံးဦး၏ အခြေအနေနှင့်ပတ်သက်သည့် အချက်အလက်များကို ထိုင်းနိုင်ငံက စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

SCG Chemicals က ပိုင်ဆိုင်သော အခြားထိုင်းသင်္ဘောတစ်စင်းသည်လည်း ရေလက်ကြားကို ဖြတ်သန်းရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း မစ္စတာ ဆီဟာဆက်က ပြောကြားခဲ့သည်။

ဘန်ချက်၏ ထုတ်ပြန်ချက်တစ်ခုတွင် မတ်လ ၁၁ ရက်နေ့မှစ၍ ပါရှန်ပင်လယ်ကွေ့တွင် ကျေက်ချထားရသည့် ၎င်း၏ သင်္ဘောသည် လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြန်လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အီရန်အာဏာပိုင်များအကြား ညှိနှိုင်းဆောင်ရွက်မှုကို ချီးကျူးအသိအမှတ်ပြုခဲ့သည်။

ထိုကဲ့သို့ ဖြတ်သန်းနိုင်ရန် အတွက် ငွေပေးချေမှု မရှိခဲ့ကြောင်း ကုမ္ပဏီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image