စစ်ပွဲအဆုံးသတ်ရေးယူအက်စ်နှင့်ဆွေးနွေးရန်အီရန်ကို တရုတ် တိုက်တွန်း
စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကနှင့် အမြန်ဆုံး စေ့စပ်ညှိနှိုင်းရန် အီရန်နိုင်ငံခြားရေးဝန်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းခဲ့သည်ဟု မတ်လ ၂၄ ရက်နေ့ တရုတ်အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မစ္စတာဝမ်ယိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနှင့် ဖုန်းပြောဆိုရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် အငြင်းပွားမှုများကို အင်အားသုံးခြင်းထက် ဆွေးနွေးညှိနှိုင်းမှုများမှတဆင့် ဖြေရှင်းသင့်ကြောင့် အလေးပေးပြောကြားခဲ့သည်။
"တိုက်ခိုက်တာထက် စကားပြောကြတာက ပိုကောင်းပါတယ်" ဟု မစ္စတာဝမ်က ပြောဆိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ “ပါဝင်သူအားလုံးအနေနဲ့ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်သင့်ပြီး အမြန်ဆုံး ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
တိုက်ခိုက်မှုများကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများတွင် အမေရိကပါဝင်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့အပြီး တစ်ရက်အကြာတွင် မစ္စတာဝမ်၏ ဖိအားပေးမှု သတင်းက ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့တိုင်အောင် ဆွေးနွေးမှုတွင် ပါဝင်သူများနှင့် သဘောတူညီချက်တစ်ခု ရရှိရေးအလားအလာအပါအဝင် နောက်ကွယ်မှ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။
အီရန်က အမေရိကနှင့် ဆွေးနွေးရန် လုပ်ဆောက်နေသည်ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး အမေရိက၏ ကာကွယ်ရေးမိတ်ဖက်ဖြစ်သော အိမ်နီးချင်း ပါကစ္စတန်သည် နှစ်ဖက်အကြား ကြားဝင်ညှိနှိုင်းပေးရန် ကမ်းလှမ်းထားသည်။
အီရန်နှင့် အစ္စရေးတို့သည် ပဋိပက္ခကို လျှော့ချမည့် လက္ခဏာမျိုး မပြသခဲ့ပေ။
အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး အစ္စရေးက အီရန်နိုင်ငံကို ဆက်လက်တိုက်ခိုက်နေသည်။
မစ္စတာထရမ့်ပ်သည်လည်း ဒေသတွင်းသို့ တပ်ဖွဲ့များ ထပ်မံစေလွှတ်လျက်ရှိနေသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်