မွေးရပ်မြေမြို့အား ပေါင် ၁၀၀၀၀၀ တန်ဖိုးရှိ Viking စာအုပ်လှူဒါန်းလာတဲ့ အာလင်းဟာလန်း
====================
အာလင်းဟာလန်းဟာ သူကြီးပြင်းရာ နော်ဝေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Viking အကြောင်းအား လူများ လေ့လာသင်ယူနိုင်ရန်အတွက် ၁၆ ရာစုတုန်းက Viking အကြောင်းစာအုပ်ကို လှူဒါန်းလာပါတယ်။

နော်ဝေအတွက် ၄၈ ပွဲကစားထားရာတွင် ၅၅ ဂိုးသွင်းယူပြီး နိုင်ငံသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေတဲ့ ဟာလန်းဟာ ဖခင်ဖြစ်သူ အယ်လ်အင်း လိဒ်တွင် ကစားနေစဉ် လိဒ်တွင် မွေးဖွားခဲ့ပေမယ့်လည်း နော်ဝေမှ ဘရိုင်နီတွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ ဟာလန်းနှင့် ဖခင်ဖြစ်သူတို့ဟာ ဒီဇင်ဘာလတုန်းက နော်ဝေသမိုင်းတွင် တန်ဖိုးအကြီးဆုံးစာအုပ်အဖြစ် ရောင်းချခဲ့ရတဲ့ ပေါင် ၁၀၀၀၀၀ တန်ဖိုးရှိ စာအုပ်တစ်အုပ်အား ဝယ်ယူခဲ့ကြပါတယ်။

ယင်းစာအုပ်က ၁၅၉၄ ခုနှစ်ထုတ် ၁၃ ရာစု သမိုင်းပညာရှင် ဆနော်ရီစတာလူဆင် ရေးသားထားတဲ့ Viking ဘုရင်များ၊ ဘုရင်မများ၊ လယ်သမားများနှင့် စစ်သူရဲကောင်းအများအကြောင်း ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဟာလန်းဟာ တစ်အုပ်တည်းသာ ကျန်တော့တဲ့ ယင်းစာအုပ်ကို ဝယ်ယူပြီးနောက် ဘရိုင်နီရှိ စာကြည့်တိုက်သို့ လှူဒါန်းလိုက်ပါတယ်။

ဘရိုင်နီက နော်ဝေအနောက်ဘက်တွင် တည်ရှိတာ ဖြစ်ပြီး စတာဗန်ဂါတောင်ဘက် ၃၀ ကီလိုအကွာတွင် တည်ရှိပြီး ဂျရန်ပြည်နယ်ထဲတွင် တည်ရှိပါတယ်။

ဟာလန်းက "ဘရိုင်နီနဲ့ ဂျရန်းက လာတဲ့သူတွေ ဖတ်နိုင်အောင် ဒီစာအုပ်ကို အမြဲဖွင့်ထားစေချင်တယ်။ ဘောလုံးမှာ ကျွန်တော့်အိပ်မက်အတိုင်း ကံကောင်းထောက်မစွာ ရှင်သန်ခွင့်ရခဲ့တယ်။ လူတိုင်း ဒီအခွင့်အရေး မရတာ သိပါတယ်။ စာအုပ်တွေက လူတွေအများကြီးကို အိပ်မက်ကြီး၊ အလားအလာကောင်းအသစ်တွေ၊ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေဖို့ အခွင့်အရေး ပေးပါတယ်"လို့ ပြောကြးသွားပါတယ်။

ဟာလန်းဟာ ယခုရာသီတွင်လည်း ပရီးမီးယားလိဂ် ၂၉ ပွဲကစားထားရာမှာ ၂၂ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

သူဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း ဥရောပဇုန်တွင် ၁၆ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ကာ နော်ဝေအား ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ကူညီပေးထားပါတယ်။

image