ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရေး လေ့ကျင့်ခန်းဆင်းနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သားကြီး
====================
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သားကြီးဟာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရေး လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ယခင်တုန်းက ယူနိုက်တက်၊ ဂျူဗင်တပ်အကယ်ဒမီအသင်းတို့တွင် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်တွင် ဖခင်ရှိရာ Al Nassr အကယ်ဒမီသို့ ပြောင်းရွှေ့ကစားလာခဲ့သူလည်း ဖြစ်ပါတယ်။

ယနေ့တွင် The Athletic ရဲ့ ဖော်ပြလာမှုအရ ခရစ္စတီယာနိုဂျူနီယာဟာ အင်္ဂါနေ့မှ စတင်ကာ ရီးရဲလ်မက်ဒရစ်အသင်းတွင် လေ့ကျင့်ခန်းဆင်းနေပြီး အပြီးသတ်ပြောင်းရွှေ့ရေး နီးစပ်နေကြောင်း သိရပါတယ်။

ဆယ်ကျော်သက်ကစားသမားဟာ အမေရိကန်တွင် မွေးဖွားလာသူ ဖြစ်ပေမယ့်လည်း ပေါ်တူဂီယူ-၁၅ အသင်းတွင်လည်း ရွေးချယ်ခံထားရကာ မေလတုန်းက ခရိုအေးရှားတွင် ကျင်းပတဲ့ ယူ-၁၅ ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင် သူဟာ ပေါ်တူဂီယူ-၁၆အသင်းအတွက်လည်း ကိုယ်စားပြု ကစားခဲ့ပါတယ်။

သူဟာ ပေါ်တူဂီယူ-၁၆ အသင်းအတွက် ၆ ပွဲကစားထားကာ နိုဝင်ဘာလတုန်းက နော်ဝေနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာနိုင်ပါက ဖခင်ဖြစ်သူရဲ့ခြေရာကို နင်းလာနိုင်ပါတယ်။

အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကစားခဲ့ရာမှာ ဂိုး ၄၅၀ သွင်းယူပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။

လက်ရှိအချိန်တွင် ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတဲ့ ရော်နယ်ဒိုဟာ ယခုရာသီတွင် Al Nassr အတွက် ဆော်ဒီပရိုလိဂ် ၂၂ ပွဲတွင် ၂၁ ဂိုးသွင်းယူပေးထားပါတယ်။

image