လီဗာပူးနှင့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမတိုင်မီ ပြင်ဆင်မှု အပြည့်အဝ ရရှိရန် လီဂူး ၁ ပွဲအား ရွှေ့ဆိုင်းရန် ပီအက်စ်ဂျီကြိုးပမ်းလာ
==================
ပီအက်စ်ဂျီဟာ လီဗာပူးနှင့်ပွဲအတွက် ပြင်ဆင်ချိန် အပြည့်အဝ ရရှိရန်အတွက် လန်းစ်နှင့် ရင်ဆိုင်ကစားရမယ့် လီဂူး ၁ ပွဲအား ရွှေ့ဆိုင်းနိုင်ရေး ကြိုးပမ်းလာပါတယ်။
လက်ရှိချန်ပီယံ ပီအက်စ်ဂျီဟာ လာမယ့်လတွင် ပရီးမီးယားလိဂ်ချန်ပီယံ အန်းဆလော့ရဲ့ လီဗာပူးနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ကစားရပါမယ်။
ပီအက်စ်ဂျီဟာ ဧပြီလ ၈ ရက်နေ့တွင် ပထမအကျော့အား ဧည့်ခံကစားပြီးပါက ခြောက်ရက်အကြာတွင် မာဆေးဆိုက်သို့ သွားရောက်ကာ ဒုတိယအကျော့ကစားရပါမယ်။
ဒါပေမယ့် ပီအက်စ်ဂျီဟာ ယင်းနှစ်ပွဲအကြားတွင် လီဂူး ၁ ဖလားပြိုင်ဘက် လန်းစ်နှင့် ရင်ဆိုင်ကစားရန် ရှိနေပါတယ်။
လန်းစ်ဟာ ယခုရာသီတွင် အံ့ဩဖွယ်ကောင်းစွာ လီဂူး ၁ ဖလားအတွက် ယှဉ်ပြိုင်လာတာ ဖြစ်ပြီး ပီအက်စ်ဂျီနှင့် တစ်မှတ်အကွာတွင် ရပ်တည်နေပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖလားကာကွယ်ရေး အရေးပါတဲ့ ပွဲစဉ် မကစားမီ ပြည်တွင်းတွင် အရေးပါတဲ့ပွဲ ကစားလိုခြင်း မရှိပါဘူး။
တဖက်တွင် လန်းစ်ကလည်း ပီအက်စ်ဂျီမှာ လီဗာပူးနှင့် ပွဲကြပ်များ ကစားရန် ရှိနေချိန်တွင် ရင်ဆိုင်ကစားရမယ့်ပွဲဖြစ်ရာ အားသာချက် ရရှိနေစေတာကြောင့် ပွဲကို ရွှေ့ဆိုင်းရေး ကန့်ကွက်နေပါတယ်။
ဒါပေမယ့် တဖက်တွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကတော့ လူးဝစ်အန်းနရစ်အသင်းအား အကူအညီပေးလာဖို့ ရှိနေပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပွဲစဉ်အတွက် လီဂူး ၁ ပွဲအား ရွှေ့ဆိုင်းတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
၎င်းတို့ဟာ ချဲလ်ဆီးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အတွက် ပြင်ဆင်ချိန်ရရန်အတွက် လီဂူး ၁ပွဲကို ရွှေ့ဆိုင်းဖူးပါတယ်။
ပီအက်စ်ဂျီဟာ ချဲလ်ဆီးနှင့် နှစ်ကျော့ကစားရမယ့်ပွဲစဉ်များအတွင်း ကစားရမယ့် နန့်တက်စ်နှင့်ပွဲကို ရွှေ့ဆိုင်းခဲ့ဖူးပါတယ်။
ပီအက်စ်ဂျီဟာ ချဲလ်ဆီးကို ၈-၂ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်နိုင်ခဲ့ပါတယ်။
တဖက်တွင် စထရောဘော့ကလည်း မိန့်ဇ်နှင့် ရင်ဆိုင်ကစားရမယ့် ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်များအကြား ကစားရမယ့် ဧပြီလ ၁၂ ရက်နေ့ ဘရက်စ်နှင့်ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။