လက်ရွေးစင်အသင်းမှ နုတ်ထွက်ရတဲ့ အာဆင်နယ်ကစားသမား ၆ ဦးအထိ ရှိလာ
=====================
ဒဏ်ရာပြဿနာကြောင့် ဘရာဇီးအသင်းမှ နောက်ခံလူဂါဘရီရယ် နုတ်ထွက်လာမှုနှင့်အတူ ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်အသင်းမှ ကစားသမား ၆ ဦးအထိ လက်ရွေးစင်အသင်းမှ နုတ်ထွက်လာကြပါတယ်။

အာဆင်နယ်အသင်းမှ ကစားသမား ၆ ဦးတို့ဟာ ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းအတွက် မကစားဘဲ နုတ်ထွက်လာကြတာလည်း ဖြစ်ပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဂါဘရီရယ်မှာ ဒဏ်ရာကြောင့် နုတ်ထွက်လာမှုနှင့်အတူ အမေရိကန်တွင် ပြင်သစ်၊ ခရိုအေးရှားတို့နှင့်ကစားမယ့်‌ ခြေစမ်းပွဲများတွင် ပါဝင်လာမှာ မဟုတ်ကြောင်း ကြေညာလာပါတယ်။

ဂါဘရီရယ်ဟာ တနင်္ဂနွေနေ့တုန်းက မန်စီးတီးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ အာဆင်နယ်ရဲ့ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ပွဲချိန်ပြည့် ကစားခဲ့သူ ဖြစ်ပါတယ်။

ဂါဘရီရယ်ရဲ့ အာဆင်နယ်ခံစစ်ကစားဖော် ဆာလီဘာမှာလည်း ဘရာဇီး၊ ကိုလံဘီယာတို့နှင့် ကစားမယ့် ပြင်သစ်အသင်းလူစာရင်းမှ နုတ်ထွက်ထားပါတယ်။

အင်္ဂလန်အလယ်တန်းကစားသမားအီးဇီးမှာလည်း ဥရုဂွေး၊ ဂျပန်တို့နှင့်ကစားမယ့် အင်္ဂလန်လူစာရင်းတွင် ရွေးချယ်ခံခဲ့ရပေမယ့် ခြေသလုံးပြဿနာကြောင့် နုတ်ထွက်ထားရပါတယ်။

အီးဇီးမှာ လေဗာကူဆင်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ခါရာဘောင်ဖလားဗိုလ်လုပွဲကို လွဲခဲ့ပါတယ်။

အာဆင်နယ်တောင်ပံကစားသမားလီယန်ဒရိုထရိုဆတ်မှာလည်း ဒဏ်ရာကြောင့် အမေရိကန်၊ မက္ကဆီကိုတို့နှင့် ကစားမယ့် ဘယ်လ်ဂျီယံအသင်းမှ နုတ်ထွက်ထားသလို အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်မှာလည်း ဒူးဒဏ်ရာကြောင့် နော်ဝေအသင်း နုတ်ထွက်ထားရသလို ဒတ်ချ်နောက်ခံလူဂျူရီယန်တမ်ဘားမှာလည်း နယ်သာလန်အသင်းမှ နုတ်ထွက်ထားရပါတယ်။

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပထမဆုံးပွဲအဖြစ် ဧပြီလ ၄ ရက်နေ့မှာ ဆောက်သမ်တန်နှင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲ စားရပါမယ်။

ပြီးလျှင် အာဆင်နယ်ဟာ ဧပြီလ ၇ ရက်နေ့တွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် စပို့တင်းနှင့် ကစားရပါမယ်။ ယင်းနောက် အာဆင်နယ်ဟာ ဧပြီလ ၁၁ ရက်နေ့တွင် ဘုန်းမောက်အား အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။

image