ရာသီအကုန်တွင် လီဗာပူးမှ ထွက်ခွာတော့မယ်လို့ မိုဟာမက်ဆာလက် ကြေညာလာ
====================
လီဗာပူးစူပါစတားမိုဟာမက်ဆာလက်က ရာသီအကုန်တွင် အန်ဖီးလ်မှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။

အသက် ၃၃ နှစ်ရှိ အီဂျစ်လက်ရွေးစင်ဟာ ၂၀၁၇ ခုနှစ်တွင် ဇွန်လတွင် ရိုးမားမှ ပြောင်းလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့လများအတွင်းတွင် လီဗာပူးမှာ ပြဿနာများ ကြုံတွေ့ခဲ့သူလည်း ဖြစ်ပါတယ်။

မိုဟာမက်ဆာလက်က "ကံဆိုးစွာဘဲ ဒီနေ့အခြေအနေ ကျရောက်လာခဲ့ပါပြီ။ ဒါက ကျွန်တော့်ရဲ့ နှုတ်ဆက်ခြင်း ပထမအပိုင်းပါ။ ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာပါတော့မယ်"လို့ ပြောကြားသွားပါတယ်။

ဆာလက်ဟာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက လီဗာပူးနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆာလက်ဟာ ကလပ်နှင့် သဘောတူညီမှု ရရှိပြီးချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။

ဆာလက်ဟာ ယခုရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၄ ပွဲကစားထားရာမှာ ၁၀ ဂိုးတည်းသာ သွင်းထားနိုင်ပြီး အန်ဖီးလ်ကစားသမားဘဝအတွင်း အဆိုးရွားဆုံးရာသီတစ်ခု ပိုင်ဆိုင်နေပါတယ်။

သူဟာ ဒီဇင်ဘာလတုန်းက လိဒ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ကလပ်က သူ့ကို ဘတ်စ်ကားရှေ့သို့ ပစ်ချနေပြီး နည်းပြအန်းဆလော့နှင့်လည်း ဆက်ဆံရေး မရှိတော့ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

ယင်းအဖြစ်အပျက်ကြောင့် ဇန်နဝါရီလတွင် ဆာလက် ထွက်ခွာမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပေမယ့်လည်း အာဖရိကဖလားပြိုင်ပွဲ ကစားပြီးနောက် လီဗာပူးနှင့် ဆက်ကစားခဲ့ပါတယ်။

လက်ရှိအချိန်တွင် ဆာလက်ဟာ လာမယ့်ရာသီတွင် မည်သည့်နိုင်ငံ၊ မည်သည့်ကလပ်တွင် ကစားနေမယ်ဆိုတာ မသိရသေးပါဘူး။

ဆာလက်ဟာ လီဗာပူးအတွက် ၄၃၅ ပွဲကစားထားရာမှာ ၂၅၅ ဂိုးသွင်းထားပြီး ကလပ်သမိုင်းတွင် တတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ် အီယန်ရပ်ရှ်(၃၄၆)၊ ရိုဂျာဟန့်(၂၈၅)တို့အောက်တွင် ရပ်တည်နေပါတယ်။

သူဟာ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအား ၄ ကြိမ်၊ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၃ ကြိမ် ဆွတ်ခူးထားပါတယ်။

image