MLC လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်း၏ မရှိမဖြစ်အရေးပါသောအခြေခံမူ(၃)ချက်ကို မစ္စတာဝမ်ယိပြော
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(MLC) လျင် မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်း၏ မရှိမဖြစ်အရေးပါသောအခြေခံမူ(၃)ချက်ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန် ကြီး မစ္စတာဝမ်ယိက ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
မတ် ၂၃ ရက်ညနေ ၅ နာရီက ပေကျင်းမြို့၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(MLC) ခေါင်းဆောင်များအစည်းအဝေး (၁၀)နှစ်ပြည့်အထိမ်း အမှတ်အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MLC လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်း၏ မရှိမဖြစ်အရေးပါသောအခြေခံမူ(၃)ချက်မှာ အိမ်နီးချင်းကောင်းဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူ ပူအမျှအသိုက်အဝန်းကိုတည်ဆောက်ထားခြင်း၊ ပြည်သူကိုအထောက်အကူပြုနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုအ ပေါ် ဦးတည်ချက်ထားခြင်းနှင့် ဆန်းသစ်တီထွင်မှုကို အားပေးခြင်းတို့ကြောင့်ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများကြား ကုန် သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ(၅၀၀)ဘီလီယံသို့ရောက်ရှိခဲ့ပြီး ယင်းပမာဏမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း (၁၅၀)ရာခိုင်နှုန်းကျော်ထိမြင့်တက်ခဲ့သည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် အားလုံးပါဝင်သော အိမ်နီးချင်းကောင်းသံခင်းတမန်ခင်းကို အခြေခံမူအဖြစ်လိုက်နာကျင့်သုံးသွားမည်ဟုလည်း မစ္စတာဝမ်ယိကပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးဇော်ဝင်းမြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။