စက်သုံးဆီများကို မှောင်ခိုရောင်းဝယ်မှုများအားထိရောက်စွာဖော်ထုတ်အရေးယူရန် နိုင်ငံတော်ယာယီသမ္မတ မှာကြား
စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသူများလက်ဝယ်ရောက်ရှိစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၂၄ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့်သုံးစွဲမှုများစနစ်တကျဖြစ်စေရေးအစည်းအဝေးတွင် အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ်သည်။
" စက်သုံးဆီတွေကို အမှန်တကယ်အသုံးပြုတဲ့သူတွေလက်ဝယ်ရောက်ရှိစေဖို့နဲ့ မှောင်ခိုရောင်းဝယ်တာတွေ မရှိစေဖို့ မသမာမှုပြုလုပ်ရောင်းဝယ်နေတာတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူရပါမယ်"ဟု နိုင်ငံတော်ယာယီသမ္မတက မှာကြားသည်။
ထို့ပြင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေးဆောင်ရွက်ရန်၊ မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီ များဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်ရန်လည်း မှာကြားသည်။
စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်၍ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေးဆောင်ရွက်ပေးရန်၊ ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေးဆောင်ရွက်ပေးရန်၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များမြင့်မားလာမှုမရှိစေရေးဆောင်ရွက်ပေးရန်၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှုအဆင်ပြေစေရေးအ တွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံး ပြု၍ဖြည့်ဆည်းဆောင်ရွက်ရန်လည်း နိုင်ငံတော်ယာယီသမ္မတက မှာကြားခဲ့သည်။