ပါကစ္စတန်မှ တစ်ဆင့် အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးစီမံကိန်းကို အီရန်သို့ ယူအက်စ်ပေးပို့
အမေရိကန်နိုင်ငံသည် အီရန်နှင့် ဖြစ်ပွားနေသော လေးပတ်မြောက်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းသည့်အနေဖြင့် အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးစီမံချက်တစ်ခုကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အီရန်သို့ ပေးပို့လိုက်ကြောင်း နူးယော့ခ်တိုမ်းစ်သတင်းစာက အမည်မဖော်လိုသူ အရာရှိနှစ်ဦး၏ ပြောကြားချက်အပေါ် ကိုးကား၍ အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။
ထရမ့်အစိုးရသည် “စစ်ပွဲ၏ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်နေရစဉ် ဤပဋိပက္ခမှ ရုန်းထွက်နိုင်မည့် လမ်းစကို ရှာဖွေရန်” စိတ်အားထက်သန်နေကြောင်း စီမံချက်တွင် ဖော်ပြထားသည်။ အဆိုပါ စီမံချက်တွင် အီရန်၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များအပြင် ဟော်မုဇ်ရေလက်ကြား အပါအဝင် ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းများအကြောင်း ပါဝင်သည်။
သို့သော်လည်း ပါကစ္စတန်မှတစ်ဆင့် ပေးပို့သော အဆိုပါစီမံချက်ကို အီရန်အရာရှိများအကြား မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးဖြစ်ကြောင်းနှင့် အီရန်ဘက်က ယင်းကို ဆွေးနွေးပွဲအတွက် အခြေခံအဖြစ် လက်ခံနိုင်ခြေ ရှိ၊ မရှိကိုမူ မသဲကွဲသေးပေ။ ထို့အပြင် ယခုအဆိုပြုချက်အပေါ် အစ္စရေးနိုင်ငံက သဘောတူညီမှု ရှိ၊ မရှိမှာလည်း ရှင်းလင်းမှု မရှိသေးကြောင်း သိရသည်။
အစ္စရေး၏ ချန်နယ် 12 သတင်းဌာနကလည်း အမေရိက သည် အီရန်သို့ တစ်လကြာ အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အချက် ၁၅ ချက်ပါ စီမံချက်ကို ပေးပို့ခဲ့ကြောင်း အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အကြံပေးများဖြစ်သော စတိဗ် ဝတ်ကော့ဖ်နှင့် ဂျရတ် ကွတ်ရှ်နာ တို့သည် ရက်ပေါင်း ၃၀ အတွင်း အဆိုပါ စီမံချက်ကို အတည်ပြုနိုင်ရန်အတွက် တို-က်ခိုက်မှုများ ချက်ချင်းရပ်ဆိုင်းရန် တွန်းအားပေးနေကြသည်။
အဆိုပါ စီမံချက်အရ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယား စွမ်းဆောင်ရည်များကို ဖျ-က်သိမ်းရန်၊ ယူရေနီယံ သန့်စင်မှုအားလုံးကို ရပ်တန့်ရန်နှင့် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ထုတ်လုပ်မည်မဟုတ်ကြောင်း အမြဲတမ်း ကတိကဝတ်ပြုရန် လိုအပ်သည်။ ထို့ပြင် ဒေသတွင်းရှိ မဟာမိတ်အဖွဲ့များကို ရန်ပုံငွေနှင့် လက်နက်ထောက်ပံ့နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို နိုင်ငံတကာ သင်္ဘောလိုင်းများအတွက် အမြဲဖွင့်လှစ်ထားရန် အာမခံရမည်ဖြစ်သည်။ အလဲအလှယ်အနေဖြင့် အမေရိကန်က အီရန်အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးရန်၊ အီရန်တောင်ပိုင်း ဘူရှာ ရှိ အရပ်ဘက် နျူကလီးယား စွမ်းအင်စီမံကိန်းတွင် ကူညီပေးရန်နှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်နိုင်သည့် ယန္တရား ခြိမ်းခြောက်မှုကို ဖယ်ရှားပေးရန် ကမ်းလှမ်းထားသည်။
လတ်တလောတွင် စစ်ပွဲသည် ချက်ချင်းရပ်တန့်သွားမည့် လက္ခဏာ မရှိသေးပေ။ အိမ်ဖြူတော်က အင်္ဂါနေ့တွင် ပြောကြားရာ၌ သံတမန်ရေးအရ ကြိုးပမ်းမှုများ ရှိနေသော်လည်း အီရန်အပေါ် စစ်ရေးအရ တို-က်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဆိုထားသည်။
Ref: ရှင်းဟွာ