တရုတ်က အင်န်တီလုပ်ပ် သန္တာကျောက်တန်းမြေဖို့တည်ဆောက်မှုများတိုးမြှင့်လုပ်ဆောင်လာခြင်းကို ဗီယက်နမ်နိုင်ငံကကန့်ကွက်ရှုတ်ချ
အငြင်းပွားဖွယ်ရာ ပါရာဆဲလ်ကျွန်းစု အတွင်းရှိ အင်န်တီလုပ်ပ် သန္တာကျောက်တန်း၌ တရုတ်နိုင်ငံက သောင်တူးခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ဗီယက်နမ်အစိုးရက ပေကျင်းအစိုးရထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
“ဗီယက်နမ်နိုင်ငံအနေနဲ့ ဒီလိုလုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရပ်တည်ချက်ကိုလည်း အခိုင်အမာ ထပ်လောင်းပြောကြားလိုပါတယ်” ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်း က စနေနေ့တွင် ပြောကြားခဲ့သည်။
အင်န်တီလုပ်ပ် သန္တာကျောက်တန်းအပါအဝင် ပါရာဆဲလ်ကျွန်းစုအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ဗီယက်နမ်နိုင်ငံတွင် နိုင်ငံတကာဥပဒေနှင့်အညီ “ခိုင်လုံသော သမိုင်းဝင်အထောက်အထားများနှင့် ဥပဒေကြောင်းအရ အခြေခံများ” ရှိကြောင်း သူက ဆိုသည်။
ထို့အပြင် ဗီယက်နမ်၏ ခွင့်ပြုချက်မရှိဘဲ အဆိုပါရေပိုင်နက်အတွင်း မည်သည့်နိုင်ငံခြားသားမဆို လုပ်ဆောင်သည့် လုပ်ငန်းစဉ်များသည် "လုံးဝ တရားမဝင်သလို အတည်မဖြစ်ကြောင်း" ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ဗီယက်နမ်၏ ကန့်ကွက်မှုကို မည်သည့်အချိန်တွင် တရားဝင်တင်သွင်းခဲ့သည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်က ဟနွိုင်းမြို့၌ ပြုလုပ်ခဲ့သော တရုတ်နှင့် ဗီယက်နမ် နိုင်ငံခြားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးဝန်ကြီးများ၏ တွေ့ဆုံမှုတွင် ရေကြောင်းအငြင်းပွားမှုများကို "သင့်လျော်စွာ" ဖြေရှင်းရန် သဘောတူညီခဲ့ကြသည်။ ယခုကိစ္စနှင့် ပတ်သက်၍ ပေကျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မှတ်ချက်ပြုပြန်ကြားပေးရန် ဆက်သွယ်ထားဆဲ ဖြစ်သည်။
Ref : ဆော့သ်ချိုင်းနားမောနင်းပို့စ်