အော်လန်ဒိုစီးတီးနှင့် စာချုပ်ချုပ်ဆိုရေး ခရီးသွားရန် အက်သလက်တီကိုထံမှ ခွင့်ပြုချက် ရရှိလာတဲ့ ဂရက်ဇ်မန်း
====================
အန်တိုနီဂရက်ဇ်မန်းဟာ တနင်္ဂနွေနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်အပြီးတွင် အော်လန်ဒိုစီးတီးနှင့် စာချုပ်ချုပ်ဆိုရေး ခရီးထွက်ခွင့် ရရှိလာပါတယ်။
ပြင်သစ်စတားဟာ မေဂျာလိဂ်ကလပ်နှင့် ၂၀၂၉ ခုနှစ်အထိ သုံးနှစ်စာချုပ်ချုပ်ဆိုလာပါမယ်။
သူဟာ ယခုရာသီအကုန် နွေရာသီတွင် မေဂျာလိဂ်ကလပ်သို့ ပြောင်းလာမှာလည်း ဖြစ်ပါတယ်။
မတ်လ ၂၁ ရက်နေ့တုန်းက အသက် ၃၅ နှစ်ပြည့်ခဲ့တဲ့ ဂရက်ဇ်မန်းဟာ ပြင်သစ်အတွက် ၁၃၇ ပွဲကစားကာ ၄၄ ဂိုးသွင်းထားသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားနှင့် ၂၀၂၁ ခုနှစ် နေးရှင်းလိဂ်ဖလား ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။
သူဟာ အက်သလက်တီကိုနှင့် ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားပေမယ့် ယခုအခါ ရာသီအကုန်တွင် အော်လန်ဒိုစီးတီးသို့ ပြောင်းလာမှာလည်း ဖြစ်ပါတယ်။
သူဟာ အက်သလက်တီကိုအတွက် ၄၈၈ ပွဲကစားထားရာတွင် ၂၁၁ ဂိုးသွင်းယူထားကာ ၉၇ ကြိမ် ဖန်တီးထားသူ ဖြစ်ပြီး ယူရိုပါလိဂ်ဖလား၊ စပိန်စူပါဖလား၊ ဥရောပစူပါဖလားတို့ ဆွတ်ခူးထားပါတယ်။ သူဟာ ဘာစီလိုနာတွင် ကစားစဉ်တုန်းကလည်း ကိုပါဒယ်ရေးဖလား ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။
လာလီဂါအမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နေတဲ့ အက်သလက်တီကိုဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ထားသလို ကိုပါဒယ်ရေးဗိုလ်လုပွဲသို့လည်း တက်ရောက်ထားပါတယ်။