ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်မယ်ဆိုတဲ့သတင်းအပေါ် ကလော့ပ် ရှင်းလင်းလာ
===================
လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်က နွေရာသီတွင် ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ သတင်းများမှာ အခြေအမြစ်မရှိတဲ့ သတင်းမျှသာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အသက် ၅၈ နှစ်ရှိ ကလော့ပ်ဟာ နွေရာသီတွင် အာဘီလိုအာနေရာတွင် အစားထိုး ခန့်အပ်ခြင်းခံရမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေတာပါ။

ကလော့ပ်ဟာ ၂၀၂၃-၂၄ ရာသီအကုန်တွင် လီဗာပူးနည်းပြရာထူးမှ ထွက်ခွာပြီးနောက် ရက်ဘူးလ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။

၎င်းက ရီးရဲလ်မက်ဒရစ်နှင့် ဆွေးနွေးနေတယ်ဆိုတဲ့သတင်းကို ငြင်းဆိုသွားပေမယ့် နည်းပြအဖြစ် ပြန်လည် အလုပ်လုပ်လာနိုင်ကြောင်း ဆိုသွားပါတယ်။

ကလော့ပ်က "ရီးရဲလ်မက်ဒရစ်ကသာ ဖုန်းဆက်ခဲ့ရင် အခုလောက်ဆို ကျုပ်တို့ ကြားပြီးလောက် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေက အခြေအမြစ်မရှိတာတွေပါ။ ကျုပ်ကို တခါမျှ ဖုန်းမဆက်ဖူးပါဘူး။ ကျုပ်အေးဂျင့်လည်း ရှိတယ်။ သူ့ကို မေးကြည့်နိုင်တယ်။ သူတို့ သူဆီကိုလည်း ဖုန်းမဆက်ပါဘူး။ အခု ဒါနဲ့ပတ်သက်ပြီး မတွေးပါဘူး။ ကံကောင်းတာက တွေးစရာအကြောင်းလည်း မရှိပါဘူး။ အသက်အရွယ် ထောက်လာပြီ ဆိုပေမယ့် နည်းပြတစ်ယောက်အနေနဲ့ မပြီးဆုံးသေးပါဘူး။ အနားယူရမယ့်အရွယ် မရောက်သေးပါဘူး။ လာမယ့်နှစ်တွေမှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူသိလို့လဲ။ ဒါပေမယ့် စီစဉ်ထားတာလည်း မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

image