တာချီလိတ်မြို့နယ်တွင် ၂ ရက်အတွင်း ကျပ် ၁၂ ဘီလီယံနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ
တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေး၌ ကျပ် ၂ ဒသမ ၈ ဘီလီယံဝန်းကျင် တန်ဖိုးရှိ အိုက်စ် ၂၆၀ ကီလိုဂရမ် ကို မတ်၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း တာချီလိတ်မြို့ ၊မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း မြလင်းပွင့်မိုတယ်အနီး၌ ကျပ် ၉ ဘီလီယံ နီးပါးတန်ဖိုးရှိ WY ဆေးပြားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂ ရက်အတွင်း တာချီလိတ်မြို့နယ်တွင် ကျပ် ၁၂ ဘီလီယံနီးပါး တန်ဖိုးရှိသည် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခို-က်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျ-က်စီးစေသည့် မူးယစ်ဆေးဝါးတို-က်ဖျ-က်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ်လ ၂၂ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင်အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်းနှင့်အတူ အိတ်အနက်ရောင်ဖြင့် တစ်ထပ်၊ ဆာလာအိတ်အစင်းကြားဖြင့်တစ်ထပ်၊ Golden Leaf စာတန်းပါ ရွှေအိုရောင်/အဖြူရောင်/ခဲရောင် အိတ်များဖြင့် တစ်ထပ်၊ ၉၉၉ ပလပ် စတစ်အကြည်ရောင်ဖြင့် တစ်ထပ်ထုပ်ပိုးထားသည့် အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့် (ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါး (အိုက်စ်) များအား ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လွှဲပြောင်းပြီး ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။
မူးယစ်ဆေးဝါးသယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။