5 ရက် - ဘာသာပြန်ပါ။

စက်သုံးဆီ သုံးစွဲမှုကို ချွေတာလျှော့ချရန် ရည်ရွယ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ရန် သတ်မှတ်

အပတ်စဉ် ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့် စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော် အစိုးရအနေဖြင့်လည်း စက်သုံးဆီ တင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန် ရှိသော် လည်း အနာဂတ်တွင် ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်သည်။

ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများ မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်သည်။

ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်သည်။

ဤကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အတည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

image