အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စင်ကာပူတွင်လည်း ဈေးသက်သာသောဆိုင်များတွင် ဆီတန်းစီသူများပြား

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်မှုနှင့်အညီ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကစက်သုံးဆီစျေးနှုန်းများကို လိုက်လံမြှင့်တင်နေချိန်တွင် Cnergy ဆီဆိုင်များ၏ စက်သုံးဆီနှင့် ဒီဇယ်စျေးနှုန်းများမှာ ပိုမိုသက်သာကြောင်း ယာဉ်မောင်းများ သိရှိသွားပြီးနောက် ပြီးခဲ့သည့်တစ်ပတ်အတွင်း Cnergy ကိုပိုင်ဆိုင်သည့် Union Gas ၏ ရှယ်ယာစျေးမှာ ၄၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။

စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းပေါက်ထားသော Union Gas ၏ ရှယ်ယာစျေးနှုန်းများသည် မတ်လ ၂၀ ရက်နေ့တွင် မြင့်တက်လာခဲ့ပြီး နှစ်နှစ်တာအတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

ယင်းမှာ စင်ကာပူရှိ အဆိုပါကုမ္ပဏီပိုင် Cnergy စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန်တန်းစီစောင့်ဆိုင်းနေသည့် ကားတန်းများ ရက်ဆက်ရှိနေခြင်းနှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Union Gas သည် Queensway၊ Dunman Road နှင့် Old Toh Tuck Road တို့တွင် Cnergy စက်သုံးဆီဆိုင် သုံးဆိုင်ကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်စီမံခန့်ခွဲလျက်ရှိသည်။

မတ်လ ၂၀ ရက်နေ့ ပေါက်စျေးအရ အဆိုပါ Cnergy ဆိုင်များတွင် 95-octane အောက်တိန်းဆီ တစ်လီတာလျှင် အသင်းဝင်များအတွက် ၂.၄၀ စင်ကာပူဒေါ်လာနှင့် အသင်းဝင်မဟုတ်သူများအတွက် ၂.၄၆ စင်ကာပူဒေါ်လာသာ ရှိသည်။

Cnergy အမှတ်တံဆိပ်၏ သက်သာသော စျေးနှုန်းများအကြောင်း ယာဉ်မောင်းများအကြား သတင်းပျံ့နှံ့သွားခဲ့ရာ စင်ကာပူရှိ ၎င်းတို့၏ စက်သုံးဆီဆိုင်များတွင် ကားတန်းရှည်ကြီးများ ဖြစ်ပေါ်လာတော့သည်။

အခြားလုပ်ငန်းစုများဖြစ်သည့် Caltex၊ Esso၊ Shell၊ SPC နှင့် Sinopec တို့တွင်မူ အထူးလျှော့စျေးများ ပေးထားသည့်တိုင် 95-octane အောက်တိန်းဆီ တစ်လီတာလျှင် ၂.၇၀ စင်ကာပူဒေါ်လာမှ ၂.၇၅ စင်ကာပူဒေါ်လာအထိ ကျသင့်လျက်ရှိသည်။

ဓာတ်ပုံ - ဂါဗင်ဖူး (ST)

image