ချဲလ်ဆီးနည်းပြဘဝ စိတ်ပျက်စရာအကောင်းဆုံးရလဒ်ကြုံခဲ့ရကြောင်း ရိုဆင်နီယာ ဖွင့်ဟလာ
=====================
အဲဗာတန်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက ချဲလ်ဆီးနည်းပြဘဝ စိတ်ပျက်စရာအကောင်းဆုံးရလဒ်ကြုံခဲ့ရခြင်းဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ချဲလ်ဆီးဟာ ပီအက်စ်ဂျီကို အရှက်တကွဲ ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာတွင် ပရီးမီးယားလိဂ်တွင် အဲဗာတန်အား ထပ်မံ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုဆင်နီယာရဲ့ ချဲလ်ဆီးဟာ အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာတွင် ရပ်တည်နေဆဲ ဖြစ်ပေမယ့်လည်း အဲဗာတန်နှင့် ၂ မှတ်တည်းသာ ကွာဟပါတော့တယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ အဲဗာတန်နှင့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ပြီးနောက် ၃ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

ရိုဆင်နီယာက "အရမ်းစိတ်ပျက်ရတယ်။ ဂိုးတွေ လက်ဆောင်မပေးရတာ၊ ပွဲထိန်းချုပ်တာတွေ မဖြစ်ခဲ့ဘူး။ တတိယဇုန်ကို ကျွန်တော်တို့ အများကြီး ရောက်ခဲ့တယ်။ ဒါပေမယ့် အဆုံးမသတ်နိုင်ခဲ့ကြဘူး။ တဖက်မှာ သူတို့ ဂိုးသွင်းတယ်။ ဒီလို ဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ဒုတိယပိုင်းမှာ ခြေစွမ်းထွက်လာတယ်။ ပွဲကို ထိန်းချုပ်နိုင်တယ်။ အမှားတစ်ခုလုပ်တယ်။ ၂-၀ ဖြစ်သွားတယ်။ ကြိုးစားအားထုတ်မှုနည်းတာ၊ အသင်းအပေါ် မယုံကြည်တာကို ပြောလိုတာ မဟုတ်ပါဘူး။ ရှုံးပွဲတွေ ဆက်တိုက်ကြုံလာတဲ့အခါ အဲဒီအရာတွေက ပြောစရာတွေ ဖြစ်လာတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီပြဿနာ ရှိတယ်လို့တော့ မထင်ပါဘူး။ ဒီရာသီကို တွေးကြည့်လိုက်တဲ့အခါ ကျွန်တော်မတိုင်မီ မှတ်တမ်းကို ကြည့်ရင်လည်း မကောင်းတာ တွေ့ရပါတယ်။ အပြစ်ကို ရှောင်လွဲတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်ကလည်း မကောင်းခဲ့ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတကာပွဲနားရက် ရောက်လာတာ ကျွန်တော်တို့အတွက် အချိန်ကောင်းပါ။ ကစားသမားအချို့ ပြန်လည်စတင်နိုင်မယ်။ ကွဲပြားတဲ့ ဝန်းကျင်မှာ နေခွင့်ရလာပါမယ်။ ပြီးရင် ပြန်လာကြမယ်"လို့ ပြောကြားသွားပါတယ်။

ရိုဆင်နီယာဟာ အန်ဇိုမာရက်စ်ကာနေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် ချဲလ်ဆီးအား ၁၉ ပွဲ ကိုင်တွယ်ရာတွင် ၁၀ ပွဲတည်းသာ နိုင်ပွဲ ရထားပါတယ်။ ယင်းမှ နိုင်ပွဲ ၄ ပွဲက အက်ဖ်အေဖလားပြိုင်ပွဲတွင် ဝရက်စ်ဟမ်း၊ ဟားလ်၊ ချာလ်တန်နှင့် ချန်ပီယံလိဂ်တွင် Pafos တို့အား အနိုင်ယူခဲ့တာပါ။

ချဲလ်ဆီးဟာ နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပေါ့ဗေးလ်နှင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ကစားရမှာ ဖြစ်ပြီး မန်စီးတီး၊ ယူနိုက်တက်တို့နှင့် ပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့ပါမယ်။

image