မက်ဒရစ်ဒါဘီပွဲတွင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဘယ်လင်ဂမ် ပြန်ပါဝင်လာမည်
=====================
အယ်ဗာရိုအာဘီလိုအာက ယနေ့ည အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူလာခဲ့ရတဲ့ ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ် ပြန်လည် ကစားလာနိုင်မည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ယခုလနှောင်းပိုင်း နိုင်ငံတကာခြေစမ်းပွဲစဉ်များအတွက် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံထားရတဲ့ ဘယ်လင်ဂမ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ပထမဆုံးပွဲအဖြစ် မက်ဒရစ်ဒါဘီပွဲတွင် ပြန်လည် ကစားလာပါမယ်။
ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ကြားရက်တုန်းက မန်ချက်စတာတွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲသို့ ရီးရဲလ်မက်ဒရစ်နှင့်အတူ လိုက်ပါခဲ့ပေမယ့်လည်း ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ဒေါ့မွန်ကွင်းလယ်ကစားသမားဟောင်းဟာ ယနေ့ည မက်ဒရစ်ဒါဘီပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ပြန်လည် ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။
အာဘီလိုအာက "သူ ကစားနိုင်ပါပြီ။ လူစာရင်း ပြန်ပါလာပါမယ်။ ကစားနိုင်မလားဆိုတာ ကြည့်ရမယ်။ ကစားနိုင်မယ် ထင်တယ်။ ကွင်းထဲမှာ သူ့ကို မြင်ချင်နေပြီ။ သူက ဉာဏ်ကောင်းတဲ့ ကစားသမားပါ။ အခိုက်အတန့်တိုင်းမှာ ဘာလုပ်ရမယ်ဆိုတာ သူ သိပါတယ်။ သူ ပြန်ပါလာလို့ ဝမ်းသာတယ်။ မနက်ဖြန်အတွက် ကျွန်တော်တို့အတွက် ကစားဖို့ အသင့်ဖြစ်နေပါပြီ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ် သတင်းကောင်းကတော့ မန်စီးတီးနှင့်ပွဲတွင် အရန်အဖြစ် ပါဝင်ကစားခဲ့တဲ့ ကိုင်လီယန်ဘက်ပေးမှာ မက်ဒရစ်ဒါဘီပွဲစဉ်တွင် ပွဲထွက်ကစားရန် အသင့်ဖြစ်နေတာ ဖြစ်ပါတယ်။