ဂီယာထရူဒါ လူမျိုးရေးခွဲခြားမှုခံရပြီးနောက် နယူးကာဆယ်-ဆန်းဒါးလန်းတို့ရဲ့ တိုင်နီဆိုက်ဒါဘီပွဲကို ရပ်ဆိုင်းခဲ့ရ
====================
နယူးကာဆယ်က တနင်္ဂနွေနေ့ည ဆန်းဒါးလန်းနှင့် ရင်ဆိုင်ရတဲ့ တိုင်နီဆိုက်ဒါဘီပွဲစဉ်တွင် ဧည့်သည်အသင်းကစားသမားလတ်ရှာရယ်ဂီယာထရူဒါကို ပရိသတ်များထဲမှ တစ်ဦးဦးက လူမျိုးရေးခွဲခြားမှု ပြုလုပ်မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပြီးနောက် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ကြေညာလာပါတယ်။
ဒိုင်လူကြီးအန်တိုနီတေလာဟာ လူမျိုးရေးခွဲခြားမှု ဖြစ်ပျက်ပြီးနောက် လူမျိုးရေးခွဲခြားမှုပပျောက်ရေးစည်းမျဉ်းဥပဒေအရ တိုင်နီဆိုက်ဒါဘီပွဲစဉ်အား ၃ မိနစ်ကြာ ရပ်ဆိုင်းခဲ့ပါတယ်။
ပွဲချိန် ၅၂ မိနစ်တွင် နယူးကာဆယ်ကစားသမားဆဗင်ဘော့မန်း ဆေးကုသမှုခံယူနေစဉ် ဆန်းဒါးလန်းအသင်းခေါင်းဆောင်ဂရာနစ်ဇာခါဟာ ဒိုင်လူကြီးတေလာထံသို့ ပြေးလွှားသွားခဲ့ပြီး လူမျိုးရေးခွဲခြားမှုအား တိုင်ကြားခဲ့တာပါ။
ယင်းနောက် တေလာဟာ နှစ်ဖက်နည်းပြအဖွဲ့ဝင်များ၊ ဒတ်ချ်နောက်ခံလူဂီယာထရူဒါ၊ ဇာခါတို့နှင့် စကားပြောပြီးနောက် ပွဲကို ပြန်လည်စတင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလည်း ယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ကြေညာထားသလို နော့သမ်ဘီးယားရဲတပ်ဖွဲ့ကလည်း ခွဲခြားဆက်ဆံမှုသတင်းကို သိရှိထားကြောင်း ကြေညာသွားပါတယ်။
ဆန်းဒါးလန်းနည်းပြရီဂစ်လီဘရစ်က "သူ(ဂီယာထရူဒါ) အိုကေပါတယ်။ လက်မခံနိုင်စရာပါ။ သတင်းပို့ဖို့ အရေးကြီးတယ်။ ပြီးရင် လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။ သူ့ အိုကေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို အားပေးကူညီဖို့ လိုတယ်"လို့ ဆိုသွားပါတယ်။
နယူးကာဆယ်ဟာ တိုင်နီဆိုက်ဒါဘီပွဲစဉ်တွင် ပထမပိုင်းမှာ ၁-၀ ဂိုးဖြင့် အနိုင်ရနေခဲ့ပေမယ့်လည်း ဘရိုင်ယန်ဘရော့ဘ်ဘီရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၂-၁ ဖြင့် ရှုံးနိမ့်လာပါတယ်။
တဖက်တွင် ရဲတပ်ဖွဲ့ကလည်း တိုင်နီဆိုက်ဒါဘီပွဲမတိုင်မီ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြေညာသွားပါတယ်။