ခါရာဘောင်ဖလားဗိုလ်လုပွဲ ရှုံးပွဲတွင် အမှားပြုလုပ်မှုကြောင့် ဝေဖန်မှုခံနေရတဲ့ ကီပါကို အာတီတာ ကာကွယ်ပြောကြားလာ
=====================
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ မန်စီးတီးအား ၂-၀ ဖြင့် ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် အမှားပြုလုပ်ခဲ့တဲ့ နံပါတ် ၂ ဂိုးသမားကီပါအာရီဇာဘာလာဂါအား ကာကွယ်မှု ပြုလုပ်လာပါတယ်။
စပိန်ဂိုးသမားဟာ ဝင်ဘာလေကွင်းတွင် ဖြတ်တင်ဘောအား ပုတ်မထုတ်ခဲ့မှုနှင့်အတူ နီကိုအိုရိုင်လီရဲ့ ပထမဂိုးအား ခွင့်ပြုခဲ့ရပါတယ်။
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ မန်စီးတီးနိုင်ပွဲကြောင့် ၅ ကြိမ်မြောက် ခါရာဘောင်ဖလား ဆွတ်ခူးလာကာ ခါရာဘောင်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
ဒါပေမယ့် အာတီတာက မှားယွင်းမှုမှာ ပွဲရဲ့အစိတ်အပိုင်း ဖြစ်ကြောင်း၊ ကီပါမှာ ခါရာဘောင်ဖလားပွဲအားလုံးတွင် ကစားလာသူ ဖြစ်ရာ ဗိုလ်လုပွဲတွင် နံပါတ်တစ်ဂိုးသမားဒေးဗစ်ရာယာကို အသုံးပြုလာမည်ဆိုပါက မျှတမှု ရှိလာမှာ မဟုတ်ကြောင်း ဆိုသွားပါတယ်။
အာတီတာက "သူက ဒီရာသီတစ်လုံး ကစားလာတာဆိုတော့ ပွဲမတိုင်ခင်ကတည်းက သူ့ကိုပဲ ဆက်သုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူက ဒီပြိုင်ပွဲမှာ ကစားလာတယ်။ ဒီကနေ့ အချိန်အထိ ရောက်လာအောင် သူ ကူညီခဲ့တယ်။ အခြားတစ်ယောက်ကို ရွေးလာမယ်ဆိုရင် ဘယ်မျှတတော့မလဲ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။ ရိုးရိုးသားသား မျှမျှတတ လုပ်ခဲ့တာပါ။ ကီပါနဲ့လည်း နားလည်မှု ရှိထားပြီးသားပါ။ သူ ပြိုင်ပွဲအားလုံးကို ကစားခဲ့တယ်။ တခြားတစ်ဦးကို သုံးမယ်ဆိုရင် သူ့အတွက် မျှတလာတော့မှာ မဟုတ်ပါဘူး။ သူဟာ ဒီပြိုင်ပွဲမှာ ဒီလိုအခြေအနေအထိ ရောက်အောင် အကောင်းဆုံးကူညီပြီး လုပ်ဆောင်ပေးလာခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာကို ကျွန်တော်လုပ်ခဲ့တာပါ။ မှားယွင်းမှုတွေဆိုတာ ဘောလုံးရဲ့အစိတ်အပိုင်းပါ။ ကံဆိုးစွာပဲ ဒီကနေ့ ဖြစ်သွားတယ်။ တကယ့်ကို အရေးပါတဲ့အခိုက်အတန့်မှာ ဖြစ်သွားတာပါ"လို့ ပြောကြားသွားပါတယ်။
Sky Sports တွင် ဘောလုံးဝေဖန်ရေးသမားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂယ်ရီနဗီးလ်က ကီပါမှာ ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ပုတ်ထုတ်မှုများသာ ဆက်တိုက် ပြုလုပ်နေပြီး စိတ်လှုပ်ရှားနေခဲ့ကြောင်း ဝေဖန်သွားပါတယ်။
၎င်းက "သူတိ့က တံခါးလာခေါက်နေတယ်။ ပြီးတော့ မန်စီးတီးပရိသတ်တွေလည်း ဂိုးနောက်မှာ သွေးနံ့ရနေတယ်။ ဂိုးသမားတစ်ယောက်ရဲ့ တကယ့်ကို ဆိုးရွားတဲ့ မှားယွင်းမှုပါ။ တကယ့်ကို ကြီးကျယ်တဲ့အခိုက်အတန့်မှာ တကယ့်အမှားကြီး လုပ်ခဲ့တာ။ ဒါပေမယ့် ပုတ်ထုတ်ပြီးရင်း ပုတ်ထုတ်နေတယ်။ အိုရိုင်လီက အမိအရ ယူသွားတယ်"လို့ ပြောကြားသွားပါတယ်။
ကီပါဟာ ချဲလ်ဆီးတွင် ကစားစဉ်တုန်းကလည်း ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ ၂ ကြိမ် ရောက်ခဲ့ပြီး ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့ဖူးပါတယ်။