ခါရာဘောင်ဖလားဗိုလ်လုပွဲ နိုင်ပွဲတွင် ခေါင်းကို သွေးထွက်အောင် ကုပ်ခဲ့ပြန်တဲ့ ဂွါဒီယိုလာ
==================
ပက်ဂွါဒီယိုလာဟာ မန်စီးတီးတို့ ခါရာဘောင်ဖလားဆွတ်ခူးတဲ့ ပွဲစဉ်တွင်လည်း ခေါင်းကို သွေးထွက်အောင် ကုပ်ခြစ်ခဲ့ကြောင်း တွေ့ရှိရပြန်ပါတယ်။
စပိန်နိုင်ငံသားနည်းပြဟာ အာဆင်နယ်ကို ၂-၀ ဖြင့် အနိုင်ရရှိကာ ယခုရာသီ ပထမဆုံးဆုဖလားအဖြစ် ဆွတ်ခူးသလို စံချိန်တင် ၅ ကြိမ်မြောက် ခါရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ ခါရာဘောင်ဖလား ဆွတ်ခူးနိုင်ခဲ့မှုနှင့်အတူ အက်ဖ်အေဖလားနှင့် ပရီးမီးယားလိဂ်ဖလားတို့ပါ ဆွတ်ခူးအရေးအတွက် တွန်းအားတစ်ခု ဖြစ်လာခဲ့ပါတယ်။
တဖက်တွင် အာတီတာရဲ့ ယခုရာသီ ဆုဖလား ၄ လုံး ဆွတ်ခူးရေးအိပ်မက် အဆုံးသတ်သွားခဲ့ပေမယ့် ဆုဖလား ၃ လုံးအတွက် တိုက်ပွဲဝင်နိုင်ပါသေးတယ်။
ခါရာဘောင်ဖလားဗိုလ်လုပွဲအပြီး မန်စီးတီးအသင်းသားတို့ အကြီးအကျယ် အောင်ပွဲခံချိန်တွင် ဂွါဒီယိုလာရဲ့ ခေါင်းတွင် အနီရောင်ကုပ်ခြစ်ရာ အစင်းကြောင်းများ တွေ့ရှိခဲ့ရပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ၂၀၂၄ ခုနှစ်တုန်းကလည်း ဖီယင်နုအား ရှုံးနိမ့်တဲ့ ပွဲစဉ်အပြီးတွင် ခေါင်းကို သွေးထွက်အောင် လက်သည်းဖြင့် ကုပ်ခြစ်ထားခဲ့ကြောင်း စိုးရိမ်ဖွယ်ရာ တွေ့ရှိခဲ့ရဖူးပါတယ်။
ထိုစဉ်တုန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာအား မျက်နှာဘယ်ခြမ်းနှင့် နှာခေါင်းတို့တွင် လက်သည်းဖြင့် ကုပ်ခြင်းထားမှုကြောင့် အစင်းကြောင်းများဖြင့် တွေ့ခဲ့ရပါတယ်။
ယင်းနောက် ၂၀၂၅ ခုနှစ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်နှင့် ပွဲအပြီးတွင် ဂွါဒီယိုလာအား ခေါင်းတွင် ကုပ်ခြစ်ရာများဖြင့် တွေ့ခဲ့ရပါသေးတယ်။