အဝေးကွင်းလက်မှတ်ဈေးနှုန်းအား ပေါင် ၃၀ သတ်မှတ်တဲ့စနစ်ကို ဆက်သုံးလာမယ့် ပရီးမီးယားလိဂ်
===================
ပရီးမီးယားလိဂ်က အဝေးကွင်းလက်မှတ်ဈေးနှုန်းအား ပေါင် ၃၀ သတ်မှတ် ရောင်းချစေတဲ့ စနစ်အား နောက်ထပ် နှစ်ရာသီ ဆက်လက် အသုံးပြုလာမှာ ဖြစ်ကြောင်း ကြေညာလာပါတယ်။

ကလပ်များဟာ ၂၀၂၇-၂၈ ရာသီအကုန်အထိ အဝေးကွင်းလက်မှတ်ဈေးနှုန်းအား ပေါင် ၃၀ သတ်မှတ်ရောင်းချတဲ့စနစ်အား အသုံးပြုရေး မဲပေး ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၁၆ ခုနှစ်မှ စတင်ကာ အဝေးကွင်းလက်မှတ်အား ပေါင် ၃၀ ဖြင့် ရောင်းချတဲ့ စနစ်အား အသုံးပြုလာတာ ဖြစ်ပြီး ယခုအခါ နောက်ထပ် နှစ်ရာသီ ဆက်လက် အသုံးပြုလာမှာ ဖြစ်ပြီး ၁၂ ရာသီဆက် အသုံးပြုလာမှာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကြေညာမှုအရ အဝေးကွင်းလက်မှတ်ဈေးနှုန်းကို ယခုကဲ့သို့ ပေါင် ၃၀ သတ်မှတ် ရောင်းချမှုကြောင့် အဝေးကွင်းပရိသတ်ပမာဏမှာ ၈၂ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်လာကြောင်း ဆိုသွားပါတယ်။

တဖက်တွင် ပရီးမီးယားလိဂ်ကလပ်များဟာ အဝေးကွင်းသို့ လိုက်ပါအားပေးကြတဲ့ ပရိသတ်များရဲ့ ကုန်ကျစရိတ်ကို ငဲ့ညှာတဲ့အနေဖြင့် ယခုကဲ့သို့ အဝေးကွင်းလက်မှတ်ဈေးနှုန်းအား ပေါင် ၃၀ ဖြင့်သာ ဆက်လက် ရောင်းချရေး မဲပေး ဆုံးဖြတ်ခဲ့ကြတာပါ။

အခြားတဖက်တွင် နိုဝင်ဘာလတုန်းက ပရိသတ်အဖွဲ့ ၁၀၀ ကျော်တို့ဟာ ၂၀၂၆-၂၇ ရာသီမှ စတင်ကာ အိမ်ကွင်းလက်မှတ်ဈေးနှုန်းအား လျှော့ချရေး ပရီးမီးယားလိဂ်ကလပ်များကို တောင်းဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။

ယင်းကဲ့သို့ အိမ်ကွင်းလက်မှတ်ဈေးနုန်းအား ဈေးလျှော့ရောင်းချရေး တိုက်တွန်းနေကြပေမယ့် အာဆင်နယ်၊ ဘရိုက်တန်၊ ဘန်လေ၊ လိဒ်၊ ယူနိုက်တက်၊ နယူးကာဆယ်နှင့် ဆန်းဒါးလန်းတို့က လာမယ့်ရာသီတွင် အိမ်ကွင်းလက်မှတ်ဈေးနှုန်းကို တိုးမြှင့်သတ်မှတ် ရောင်းချမယ်လို့ ကြေညာထားကြပါတယ်။

image