အမျိုးသမီးအသင်းများတွင် အမျိုးသမီးနည်းပြမဖြစ်မနေ ခန့်အပ်ရမယ့် စည်းမျဉ်းအား ဖီဖာ ပြဌာန်းလာ
====================
ဖီဖာဟာ ဖီဖာက ကြီးမှူးကျင်းပတဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲတိုင်းတွင် အသင်းဝင်များအနေဖြင့် နည်းပြအဖွဲ့အတွင်းတွင် နည်းပြချုပ် (သို့မဟုတ်) လက်ထောက်နည်းပြအဖြစ် ခန့်အပ်အသုံးပြုရမယ့် စည်းမျဉ်းသစ်အား ပြဌာန်းမှု ပြုလုပ်လာပါတယ်။

ဖီဖာက ပြဌာန်းလာတဲ့ စည်းမျဉ်းဥပဒေသစ်မှာ ယခုနှစ်တွင် ကျင်းပမယ့် ယူ၁၇ နှင့် ယူ-၁၈ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲများနှင့် အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲမှ စတင်အကျုံးဝင်လာမှာလည်း ဖြစ်ပါတယ်။

ဖီဖာကောင်စီဟာ နည်းပြပိုင်းတွင် အမျိုးသမီးများရဲ့ ကိုယ်စားပြုပါဝင်မှုပိုင်းရဲ့ရေရှည်ဗျူဟာပိုင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ကြပြီးနောက် ယခုကဲ့သို့ ဥပဒေသစ်ပြဌာန်းလာတာလည်း ဖြစ်ပါတယ်။

ယခုပြဌာန်းလာတဲ့ စည်းမျဉ်းသစ်အရ ပြိုင်ပွဲအသင်းတို့င်းတွင် အမျိုးသမီးလက်ထောက်နည်းပြ (သို့မဟုတ်) နည်းပြချုပ်အဖြစ် နည်းပြအဖွဲ့ထဲတွင် အမျိုးသမီးနည်းပြအဖွဲ့ဝင် အနည်းဆုံး ၂ ဦးကိုလည်း ခန့်အပ်အသုံးပြုလာရပါမယ်။

စည်းမျဉ်းသစ်မှာ ကလပ်နှင့် နိုင်ငံအသင်းတို့ရဲ့ လူငယ်နှင့် စီနီယာပြိုင်ပွဲအထိ အကျုံးဝင်လာမှာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း ၃၂ သင်းမှ ၁၂ သင်းတည်းသာ အမျိုးသမီးနည်းပြချုပ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဖီဖာဟာ ယခုကဲ့သို့ စည်းမျဉ်းသစ်ပြဌာန်းလာမှုနှင့်အတူ နည်းပြလောကတွင် အမျိုးသမီးနည်းပြအရေအတွက် ပိုမိုများပြားလာမယ်လို့ ယုံကြည်နေသလို ၂၀၂၇ ခုနှစ် ဘရာဇီးအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမျိုးသမီးနည်းပြအရေအတွက် များပြားလာမယ်လို့ ယုံကြည်နေပါတယ်။

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ်ရောက် အသင်း ၈ သင်းတွင် တစ်ဦးတည်းသော အမျိုးသမီးနည်းပြအဖြစ် အင်္ဂလန်နည်းပြဝီမန်းတစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

image