လက်မှတ်မရှိဘဲ ဘောလုံးပွဲအား ဝင်ရောက်ကြည့်ရှုမှုအား ရာဇဝတ်မှုအဖြစ် သတ်မှတ်လာ
=====================
အသစ်ပြဌာန်းလာတဲ့ ဥပဒေအသစ်အရ အင်္ဂလန်နှင့် ဝေးလ်တို့တွင် ဘောလုံးပွဲတစ်ပွဲအား လက်မှတ်မပါဝင်ဘဲ ဝင်ရောက်ကြည့်ရှုမှုက ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံလာရပါတယ်။

ယင်းစည်းမျဉ်းသစ်ကို ကျူးလွန်သူများဟာ ဘောလုံးပွဲအား ကွင်းအတွင်း ဝင်ကြည့်ခွင့် ၅ နှစ်အထိ ပိတ်ပင်ခြင်းခံလာရမယ့်အပြင် ဒဏ်ငွေလည်း ပေါင် ၁၀၀၀ အထိကျခံလာရပါမယ်။

ယင်းဥပဒေသစ်ကို လာမယ့် တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းမှာ အာဆင်နယ်နှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ကစားကြမယ့် ခါရာဘောင်ဖလားဗိုလ်လုပွဲမတိုင်မီ ပြဌာန်းလာတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းက အီတလီနှင့် အင်္ဂလန်တို့ ကစားတဲ့ ယူရိုဗိုလ်လုပွဲတွင် ပရိသတ်ထောင်ပေါင်းများစွာတို့ဟာ ဝင်ဘာလေကွင်းအတွင်းသို့ အတင်းဝင်ရောက် ကြည့်ရှုမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စည်းမျဉ်းဥပဒေသစ် ပြဌာန်းလာဖြစ်သလို ဥပဒေသစ်ကြောင့် လက်မှတ်ဖြင့် ဝင်ရောက်ကြည့်ရှုမယ့် ပရိသတ်များအတွက်လည်း လုံခြုံရေးပိုကောင်းလာစေမယ်လို့ ယုံကြည်နေကြပါတယ်။

အင်္ဂလန်ဟာ ဝေးလ်၊ စကော့တလန်၊ အိုင်ယာလန်တို့နှင့်အတူ ယူရို ၂၀၂၈ ပြိုင်ပွဲကိုလည်း ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပါတယ်။

image