စပါးစ်ဂိုးသမားဗီကာရီယိုအား ပေါင် ၁၇ သန်းဖြင့် ခေါ်ယူရန် အင်တာမီလန် နီးစပ်နေပြီ
====================
အင်တာမီလန်ဟာ နွေရာသီတွင် စပါးစ်ဂိုးသမားဂူဂလီမိုဗီကာရီယိုအား ခေါ်ယူရေး နီးစပ်နေပြီ ဖြစ်ပါတယ်။
အီတလီထိပ်သီးကလပ်ဟာ ဆွစ်ဇာလန်နံပါတ်တစ်ဂိုးသမားယန်းဆွမ်မားနေရာတွင် အစားထိုးနိုင်မယ့် ဂိုးသမားတစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ အင်တာမီလန်အားကစားဒါရိုက်တာပီရိုဆူဆယ်လီယိုဟာ ယခုအပတ် အစောပိုင်းတုန်းက လန်ဒန်သို့ ရောက်လာကာ ဗီကာရီယိုအား ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
အူဆယ်လီယိုဟာ ဗုဒ္ဓဟူးနေ့ အက်သလက်တီကိုနှင့်ပွဲစဉ်မတိုင်မီ ဗီကာရီယိုရဲ့အေးဂျင့်ဗာလီရီယိုဂဖရက်ဒါနှင့် တွေ့ဆုံခဲ့တယ်လို့ ယုံကြည်ရပါတယ်။
၎င်းတို့က ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့် အပြောင်းအရွှေ့ ပြီးမြောက်လာမယ်လို့ ယုံကြည်နေကြပါတယ်။
အီတလီလက်ရွေးစင်ဂိုးသမားဟာ အက်သလက်တီကိုနှင့်ပွဲတွင် ပွဲထွက်ကစားခဲ့ပြီး ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် အံ့ဩစရာကောင်းတဲ့ ကာကွယ်မှုအချို့ ပြုလုပ်ခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် လက်စွမ်းပြနိုင်ခြင်း မရှိုမှနှင့်အတူ ပထမအကျော့ အက်သလက်တီကိုအား ၅-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတုန်းက အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။
စပါးစ်ယာယီနည်းပြအိုင်ဂေါ်ကူဒေါ်ဟာ အန်တိုနန်ကန်စကီကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပေမယ့်လည်း ပွဲအစ ၁၅ မိနစ်အတွင်းတွင် အမှား ၂ ကြိမ်ပြုလုပ်ကာ ၂ ဂိုးပေးခဲ့ရပြီးနောက် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပါတယ်။
ဗီကာရီယိုဟာ ၂၀၂၃ ခုနှစ် နွေရာသီတုန်းက အမ်ပိုလီမှ ပေါင် ၁၇.၂ သန်းဖြင့် ပြောင်းလာပြီးနောက် စပါးစ်တွင် လက်စွမ်းပြနေခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်များဟာ ဗီကာရီယိုရဲ့ အားနည်းချက်ဖြစ်တဲ့ အမြင့်ဘောကို အသုံးချလာမှုနှင့်အတူ လက်စွမ်းပြနိုင်ရေး ရုန်းကန်လာရပါတယ်။
ဒါ့အပြင် အသက် ၂၉ နှစ်ရှိ ဂိုးသမားဟာ ခြေထောက်ထဲတွင် ဘောလုံး ရှိနေချိန်တွင်လည်း အမှားကျူးလွန်တတ်သူ ဖြစ်ပါတယ်။
သူဟာ ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးပေမယ့်လည်း စပါးစ်ဘက်ကလည်း နှစ်ဦးနှစ်ဖက်ကောင်းစားရေးအတွက် သင်တော်တဲ့ ဈေးနှုန်းရရှိလာပါက ရောင်းချလာမယ်လို့ ယုံကြည်ရပါတယ်။
ဗီကာရီယိုဟာ အင်တာမီလန်သို့ ပြောင်းရွှေ့ခွင့်ရလာပါက လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ကစားခွင့် ရလာမှာ သေချာသလောက် ရှိနေပါတယ်။
အင်တာမီလန်ဟာ စီးရီးအေအမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ချန်ပီယံဖြစ်ရန် အခြေအနေကောင်းနေပါတယ်။
ဒါ့အပြင် ၎င်းအနေဖြင့် အင်တာမီလန်သို့ ပြောင်းရွှေ့လာပါက အီတလီအသင်းတွင် ပုံမှန်ကစားခွင့်ရရှိရေးအတွက်လည်း အခြေအနေကောင်းလာပါမယ်။