ဒဏ်ရာကြောင့် ခြောက်ပတ်အထိ အနားယူလာရတော့မယ့် ချဲလ်ဆီးနောက်ခံလူချာလိုဘာ
===================
ချဲလ်ဆီးနောက်ခံလူထရီဗိုချာလိုဘာဟာ ပီအက်စ်ဂျီနှင့်ပွဲတွင် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ ပီအက်စ်ဂျီနောက်ခံလူဟာကီမီနှင့် ထိခိုက်ပြီးနောက် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ချာလိုဘာဟာ ဗုဒ္ဓဟူးနေ့တွင် ဒဏ်ရာကို စစ်ဆေးချိန်မှာတော့ အစောပိုင်းတုန်းက ထင်မှတ်ထားသလောက် ဆိုးရွားနေခြင်း မရှိကြောင်း တွေ့ရပါတယ်။

ချာလိုဘာက ချဲလ်ဆီးအသင်းတွင် ဒဏ်ရာရရှိနေတဲ့ တစ်ဦးတည်းသော ကစားသမားမဟုတ်ပါဘူး။ ရီစီဂျိမ်းစ်နှင့် ဖီးလစ်ဂျော်ဂျင်ဆင်တို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဂျော်ဂျင်ဆင်မှာ ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးနောက် ယခုလအကုန် နိုင်ငံတကာပွဲစဉ်များအပြီးအထိ အနားယူလာရပါမယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ မြူးနစ်သို့ သွားရောက်ကာ အသေးစားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်မှာလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရကာ အင်္ဂလန်ရဲ့ လာမယ့် နိုင်ငံတကာပွဲစဉ်များတွင် ပါဝင်ကစားရန် မရေမရာ ဖြစ်နေပါတယ်။

image