ချန်ပီယံလိဂ်မှ အရှက်တကွဲ ထွက်ခွာခဲ့ရပြီးနောက် နည်းပြရိုဆင်နီယာရဲ့ အနာဂတ်အား ချဲလ်ဆီး ဆုံးဖြတ်လာ
======================
ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်တွင် ပီအက်စ်ဂျီအား အရှက်တကွဲ ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပေမယ့်လည်း နည်းပြလီယမ်ရိုဆင်နီယာအား ရာသီအကုန်အထိ ဆက်လက်ခန့်အပ်ထားရန် ဆုံးဖြတ်လာပါတယ်။

ဒါပေမယ့် ချဲလ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက နည်းပြရိုဆင်နီယာရဲ့ အနာဂတ်အား စဉ်းစား ဆုံးဖြတ်လာပါမယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း နည်းပြဟောင်းအန်ဇိုမာရက်စ်ကာမှာ ကွန်ဖရင့်လိဂ်ဖလား ရရှိအောင် စွမ်းဆောင်ခဲ့တဲ့အပြင် အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပြီးနောက် အသင်းတွင် ဆက်လက်ခန့်အပ်ခဲ့ပါတယ်။ ယင်းနောက်တွင် အန်ဇိုမာရက်စ်ကာဟာ နွေရာသီတွင် ကလပ်ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ခဲ့ပါသေးတယ်။

ချဲလ်ဆီးအတွင်းလူများရဲ့ ပြောဆိုမှုအရ ကလပ်ဘုတ်အဖွဲ့ဟာလည်း ရိုဆင်နီယာရဲ့ အနာဂတ်ကို နွေရာသီမှာ ပြန်လည်သုံးသပ် ဆုံးဖြတ်မှု ပြုလုပ်လာပါမယ်။

ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၁၀ ပတ်တုန်းကမှ ခန့်အပ်ခဲ့တဲ့ ရိုဆင်နီယာကို အလျှင်စလို ထုတ်ပယ်လာမှာ မဟုတ်ဘဲ ရေရှည်စီမံကိန်းဖြင့် ဆက်လက် ယုံကြည်စွာ ရာသီကုန်အထိ ပူးပေါင်းလာပါမယ်။

တဖက်တွင် ချဲလ်ဆီးဟာ ရိုဆင်နီယာအား ထုတ်ပယ်လာပါက ယာယီနည်းပြအဖြစ် ခန့်အပ်ရေး နည်းပြရှားပါးနေမှုနှင့်အတူ နည်းပြအပြောင်းအလဲ မလုပ်ရန် ဆုံးဖြတ်လာတာပါ။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ရာသီသိမ်းရန် ၈ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် အဆင့် ၅ နေရာမှ လီဗာပူးနှင့် ရမှတ် တစ်မှတ်အကွာတွင် ရပ်တည်နေတာပါ။

ရိုဆင်နီယာအနေဖြင့် လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်လာနိုင်ပါက လာမယ့်ရာသီတွင်လည်း စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဆက်လက် ရှိနေရန် သေချာသလောက် ရှိနေပါတယ်။

image