အာဖရိကဖလားဆုတံဆိပ်နှင့် ဆုကြေးငွေများကို ပဲလေ့စ်ကစားဖော်အား လွဲပြောင်းပေးရန် ငြင်းဆိုလာတဲ့ အစ္စမေလာဆား
===================
အစ္စမေလာဆာဟာ သူ့ရဲ့ အာဖရိကဖလားချန်ပီယံဆုတံဆိပ်နှင့် ဆုကြေးငွေများအား ခရစ္စတယ်ပဲလေ့စ်ကစားဖော်ချာဒီရိတ်ထံ လွဲပြောင်းပေးရန် ငြင်းဆိုလာပါတယ်။

အသက် ၂၈ နှစ်ရှိ ဆားဟာ ဇန်နဝါရီလတုန်းက ရာဘက်တွင် ကစားတဲ့ မော်ရိုကိုနှင့် အာဖရိကဖလားဗိုလ်လုပွဲတွင် အရန်ခုံမှ ထလာကာ ဆီနီဂေါအတွက် ပါဝင်ကစားခဲ့ပြီး ပါပီဂူယီအနိုင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂါနေ့မှာတော့ အာဖရိကဘောလုံးအဖွဲ့ချုပ်က အာဖရိကဖလားဗိုလ်လုပွဲတွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် ချန်ပီယံ ဆီနီဂေါအား ချန်ပီယံအဖြစ်မှ ဖယ်ရှားလိုက်ပြီး ရှုံးနိမ့်ခဲ့တဲ့ အိမ်ရှင်မော်ရိုကိုအား ချန်ပီယံအဖြစ် သတ်မှတ်လာပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ ဗိုလ်လုပွဲတွင် မော်ရိုကိုဘက်သို့ ပင်နယ်တီပေးလိုက်ပြီးနောက် ဒိုင်လူကြီးရဲ့ ခွင့်ပြုချက် မရှိဘဲ ဆီနီဂေါကစားသမားများမှာ ကွင်းအတွင်းမှ ထွက်ခွာသွားမှုကြောင့် မော်ရိုကိုအား ၃-၀ ဂိုးဖြင့် အနိုင်ပေးလိုက်ပါတယ်။

ဆီနီဂေါက အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အားကစားသမာဓိခုံရုံးတွင် အယူခံဝင်မယ်လို့ ကြေညာထားသလို အာဖရိကဘောလုံးအဖွဲ့ချုပ်အတွင်းတွင် အဂတိလိုက်စားမှုများ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

တဖက်တွင် အစ္စမေလာဆားကလည်း မော်ရိုကိုအသင်းရဲ့ အာဖရိကဖလားလူစာရင်းတွင် ပါဝင်ခြင်း မရှိတဲ့ ပဲလေ့စ်ကစားဖော်ရိတ်အား ဆုတံဆိပ်နှင့် ဆုကြေး ပေးအပ်သွားခြင်း မရှိကြောင်း ပဲလေ့စ်နည်းပြဂလပ်စ်နာက ဖွင့်ချလာပါတယ်။

ပဲလေ့စ်နည်းပြဂလပ်စ်နာက "ဒီသတင်းဖတ်ရတော့ ပြုံးရယ်မိတယ်။ မော်ရိုကိုတို့ ဒီလို အာဖရိကဘောလုံးအဖွဲ့ချုပ်ဆီမှာ တိုင်ကြားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကျုပ်အသင်းမှာ ဆီနီဂေါကစားသမား ၁ ဦး၊ မော်ရိုကိုကစားသမား ၁ ဦးရှိနေတော့ အထူးဂရုစိုက်ရမယ်။ အစ္စမေလာက ချာဒီရိတ်ကို သူ့ရွှေတံဆိပ်ဆု ပေးမလားလို့ ကြည့်မိတယ်။ ဒါပေမယ့် သူမပေးဘူး။ သူ့ကို 'မင်းရဲ့ အပိုဆုကြေးကို ချာဒီရဲ့အကောင့်ထဲ လွဲပြောင်းသင့်တယ်လို့တောင် ပြောခဲ့သေးတယ်။ ဒါပေမယ့် သူ မပေးဘူးဗျ။ အစ္စမာက ဒီလို ပြောလို့ ရယ်တောင်နေသေးတယ်။ အရိုးသားဆုံး ပြောရရင် တကယ့်ကို ထူးဆန်းတဲ့ အခြေအနေ တစ်ရပ်ပဲ"လို့ ပြောကြားသွားပါတယ်။

image