နယူးကာဆယ်နှင့်ပွဲတွင် ဒဏ်ရာရရှိပြီးနောက် ရက်သတ္တပတ်အတန်ကြာ အနားယူလာရတော့မယ့် ဘာစီလိုနာဂိုးသမား
====================
ဘာစီလိုနာဟာ နယူးကာဆယ်အား ၇-၂ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ကွားတားဖိုင်နယ်သို့ တက်ရောက်ကာ ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံလိဂ်ညတစ်ည ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂိုးသမားဂျိုဟန်ဂါစီယာ ဒဏ်ရာရရှိလာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

ဘာစီလိုနာဟာ ဂျိုအန်ဂါစီယာရဲ့ ခြေသလုံးဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး ရက်သတ္တပတ်အတန်ကြာ အနားယူလာရမယ်လို့ ခန့်မှန်းရပါတယ်။

ဘာစီလိုနာဟာ ရာသီသိမ်းရန် နီးစပ်လာတဲ့ ရာသီအဆုံးအဖြတ်ကာလတွင် အရေးပါတဲ့ နံပါတ်တစ်ဂိုးသမား ဒဏ်ရာရရှိမှုနှင့် ကြုံလာတာလည်း ဖြစ်ပါတယ်။

AS သတင်းစာက အက်စ်ပန်ညိုဂိုးသမားဟောင်းမှာ ပေါင်သလုံးကြွက်သားဒဏ်ရာ ရရှိလာတာ ဖြစ်ပြီး ၂ ပတ်မှ ၃ ပတ်အထိ အနားယူရနိုင်တယ်လို့ ဆိုထားပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ် ထိုးနှက်ချက်ကတော့ ယခုလအစောပိုင်းကမှ တံကောက်ကြောဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ပြန်ကစားလာနိုင်ခဲ့တဲ့ ဗဟိုခံစစ်မှူးအဲရစ်ဂါစီယာမှာ နောက်ထပ်ဒဏ်ရာရရှိလာခဲ့တာပါ။

ဘာစီလိုနာဟာ ဂါစီယာ ဒဏ်ရာရရှိလာမှုနှင့်အတူ ဝါရင့်ဂိုးသမားဆက်ဇက်နီအား အသုံးပြုလာပါမယ်။

ဘာစီလိုနာအတွက် ကံကောင်းတာကတော့ ယခုအပတ် ပွဲစဉ်များအပြီးတွင် နိုင်ငံတကာပွဲစဉ်များကြောင့် လိဂ်ပြိုင်ပွဲ နားလာပါမယ်။

ဘာစီလိုနာဟာ ယခုအပတ်အကုန်တွင် ဗယ်လီကာနိုနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး နိုင်ငံတကာပွဲစဉ်များအပြီး ဧပြီလ ၄ ရက်နေ့တွင် အက်သလက်တီကိုနှင့် လာလီဂါ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ နှစ်ပွဲဆက် ရင်ဆိုင်ကစားရပါမယ်။

image