ကိုပါအီတာလီယာဖလား ဆွတ်ခူးပါက အပိုဆုကြေးငွေ ၂ ဆ ရရှိလာမယ့် လာဇီယိုစတားများ
===================
လာဇီယိုဟာ ကိုပါအီတာလီယာဖလား ချန်ပီယံ ဖြစ်လာပါက အပိုဆုကြေးငွေ နှစ်ဆအထိ ပေးလာဆိုပြီး အသင်းသားများအား စိတ်ဓာတ်တက်ကြွအောင် ပြုလုပ်လာပါတယ်။
လာဇီယိုအသင်းပိုင်ရှင်ကလော်ဒီယိုလိုတီတိုဟာ ဆိုးရွားတဲ့ စီးရီးအေရာသီတစ်ခု ကြုံရပြီးနောက် လာမယ့်ရာသီ အသင်းရဲ့ ထွက်ပေါက်အဖြစ် ဥရောပဝင်ခွင့်ရရှိရေး အရေးပါနေတဲ့အပြင် စူပါဖလားပြိုင်ပွဲပါ ကစားခွင့် ရရှိလာမှာ ဖြစ်လို့ ကစားသမားများအား စိတ်ဓာတ်တက်ကြွစေရန်အတွက် ကိုပါအီတာလီယာဖလား ဆွတ်ခူးလျှင် အပိုဆုကြေးငွေ နှစ်ဆပေးမယ်ဆိုပြီး ကတိပြုလာတာ ဖြစ်ပါတယ်။
လိုတီတိုဟာ ဆိုးရွားတဲ့ စီးရီးအေရာသီတစ်ခု ပိုင်ဆိုင်ကာ လာဇီယိုပရိသတ်များရဲ့ ဆန့်ကျင်ဆန္ဒပြမှုများ၊ ကွင်းအတွင်း ပရိသတ်လာမကြည့်ဘဲ ဆန္ဒပြမှုများနှင့် ကြုံရပြီးနောက် ကိုပါအီတာလီယာဖလားအတွက် သူ့အတွက် ထွက်ပေါက်တစ်ခုလို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
လာဇီယိုဟာ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဆိုပါက လာမယ့်ရာသီတွင် ၄ သင်းယှဉ်ပြိုင်ရမယ့် အီတာလီယာဖလားဆုဖလားအတွက် နေရာတစ်နေရာလည်း ရရှိလာမည်ဖြစ်ရာ အသင်းအတွက် ထပ်ဆောင်းငွေ ရရှိလာမယ့် အခွင့်အရေးလည်း ဖြစ်နေပါတယ်။
ဒါကြောင့်လည်း လာဇီယိုအတွက် ကိုပါအီတာလီယာဖလား ချန်ပီယံဖြစ်မှုက ကွင်းအတွင်း အောင်မြင်မှုတစ်ခုအပြင် ဘဏ္ဍာရေးပိုင်းအတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
ယင်းအတွက်ကြောင့် လိုတီတိုဟာ ကိုပါအီတာလီယာဖလား ဆွတ်ခူးနိုင်ပါက ဆုကြေးငွေ ၂ ဆအထိ ပေးလာမယ်လို့ ကတိပြုလာပါတယ်။ လိုတီတိုဟာ ကိုပါအီတာလီယာဖလား ရရှိပါက ကစားသမားများအား ဆုကြေးငွေ စုစုပေါင်း ယူရို ၂ သန်းဝန်းကျင်ပေးလာရမှာလည်း ဖြစ်ပါတယ်။
လာဇီယိုဟာ ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်သို့ တက်ရောက်ထားပြီး ပထမအကျော့တွင် အတ္တလန္တာနှင့် ၂ ဂိုးစီသရေကျထားပါတယ်။ ၎င်းတို့ဟာ လာမယ့် ဧပြီလ ၂၃ ရက်နေ့တွင် ဆီမီးဖိုင်နယ်ဒုတိယအကျော့ကစားရပါမယ်။