1 ပတ် - ဘာသာပြန်ပါ။

အိမ်ရှင်အသင်းဒိုင်လို့ ပြောဆိုမှုအတွက် စပါးစ်နည်းပြကျူဒေါ် စွဲချက်တင်ခံလာရ
===================
စပါးစ်နည်းပြအိုင်ဂေါ်ကျူဒေါ်ဟာ ဖူလ်ဟမ်အား ၂-၁ ဖြင့် စပါးစ်တို့ ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ဒိုင်လူကြီးသောမတ်စ်ဘရာမေးလ်အား အိမ်ရှင်အသင်းဒိုင်လို့ ပြောဆိုမှုအတွက် စွဲချက်တင်ခြင်းခံလာရပါတယ်။

ခရိုအေးရှားလူမျိုးနည်းပြဟာ မတ်လ ၁ ရက်နေ့တုန်းက ရှုံးပွဲအပြီးတွင် ဒိုင်လူကြီးအား ဘောလုံးအကြောင်း နားမလည်သူလို့ ဝေဖန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြဟောင်းဟာ ဟယ်ရီဝီလ်ဆင်က ဖူလ်ဟမ်ရဲ့ ပထမဂိုးအား မသွင်းယူမီ ရာအူးလ်ဂျေမီနက်ဇ်က ရာဒူးဂရာဂူဆင်ကို တွန်းခဲ့တယ်လို့ ယုံကြည်ကာ အကြီးအကျယ်ဒေါသထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီး BBC နှင့် အင်တာဗျူးတွင် ကျူဒေါ်က "ဒီကနေ့ ဒိုင်လူကြီးကို သဘောမကျဘူး။ အိမ်ရှင်ဒိုင်ဆန်လွန်းတယ်။ သူနဲ့ပတ်သက်ပြီး ခံစားချက်ကောင်း ရှိမနေဘူး။ ဆုံးဖြတ်ချက်အားလုံးက တစ်ဖက်တည်းမှာပဲ။ သူက ဘောလုံးအကြောင်းလည်း နားမလည်ဘူး။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာလည်း မသိဘူး"လို့ ပြောကြားသွားခဲ့တာပါ။

စပါးစ်နှင့်ကျူဒေါ်တို့ဟာ အက်ဖ်အေရဲ့ စွဲချက်တင်မှုအား တနင်္လာနေ့ နောက်ဆုံးထားကာ အကြောင်းပြန်ရပါမယ်။

စပါးစ်ဟာ ရာသီသိမ်းရန် ၈ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ၁ မှတ်တည်းသာ ကွာဟနေပါတယ်။

စပါးစ်ဟာ ၁၉၇၇-၇၈ ရာသီနှောင်းပိုင်းကတည်းက ပထမတန်းတွင် ကစားလာခဲ့တဲ့အသင်း ဖြစ်ပြီး ချန်ပီယံရှစ်သို့ တန်းဆင်းရပါက ဝင်ငွေ ပေါင်သန်း ၂၅၀ အထိ နစ်နာဆုံးရှုံးလာပါမယ်။

image