ကမ္ဘောဒီးယားက စင်ကာပူနှင့်မလေးရှားတို့မှ ပိုမို၍ဆီတင်သွင်းမည်

မတ် ၂၀ ရက်

ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ စက်သုံးဆီတင်ပို့မှု လျော့နည်းသွားခြင်းကို အစားထိုးရန်အတွက် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ရှိ ဖြန့်ဖြူးရောင်းချသူများထံမှ စက်သုံးဆီ ကိုပိုမို၍ တင်သွင်းရန် လုပ်ဆောင်နေကြောင်း သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီး ကဲအို ရတ်တာနက်က ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ အပြောင်းအလဲလုပ်ဆောင်ရခြင်းမှာ အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခအပါအဝင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက်တွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်သည်။

ဝန်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားရာ၌ လူဦးရေ ၁၈ သန်းနီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိသည့် ကမ္ဘောဒီးယားရှိ စက်သုံးဆီဆိုင်ပေါင်း ၆,၃၀၀ အနက် သုံးပုံတစ်ပုံခန့်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှစတင်၍ ပိတ်ထားခဲ့ရကြောင်း သိရသည်။ ဆီဆိုင်ပိုင်ရှင်အချို့သည် နောက်ထပ်ဈေးတက်လာမည့်အရေးကို မျှော်မှန်းပြီး ဆီများကို သိုလှောင်ထားခြင်း ရှိ၊ မရှိကိုလည်း အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ ပြည်တွင်း၌ ဆီပြတ်လပ်မှုမရှိစေရန်အတွက် အနည်းဆုံး မတ်လကုန်အထိ စက်သုံးဆီတင်ပို့မှုများကို ကန့်သတ်ထားသဖြင့် ကမ္ဘောဒီးယားအနေဖြင့် အခြားသော ရင်းမြစ်များဖြစ်သည့် စင်ကာပူနှင့် မလေးရှားတို့ထံမှ ပိုမို၍ တင်သွင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံက ဆီအချို့ကို ကန့်သတ်ချက်ဖြင့် ဆက်လက်တင်သွင်းနေဆဲဖြစ်ပြီး Total နှင့် Chevron ကဲ့သို့သော ကမ္ဘာတစ်ဝန်း ရောင်းချသူများနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများရှိခြင်းက ဆီပြတ်လပ်မှုအန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူဖြစ်စေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ စက်သုံးဆီလက်ကျန် ပမာဏမှာ ယခင်နှစ်များက အခြေအနေနှင့် တူညီနေဆဲဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ မတ်လ၏ ပထမ ၁၈ ရက်အတွင်း အဆိုပါနိုင်ငံနှစ်ခုမှ ဓာတ်ဆီနှင့် ဒီဇယ်တင်သွင်းမှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။

image