နိုင်ငံတော်ယာယီသမ္မတမှ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားလက်ခံတွေ့ဆုံ
မြန်မာ-ထိုင်းနှစ်နိုင်ငံ လွှတ်တော်အစည်းအဝေးများ ကျင်းပနေမှုကိုဆွေးနွေး
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မတ် ၁၈ ရကထက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha အားနေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပခဲ့ပြီး လက်ရှိအချိန်၌ လွှတ်တော်အစည်းအဝေးများကျင်းပလျက်ရှိမှု၊ ထိုင်းနိုင်ငံတွင်လည်း မကြာမီကာလအတွင်းက ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယခုအခါ လွှတ်တော်ကျင်းပလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြားရှည်ကြာပြီး ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေးနှင့် မူးယစ်ဆေးဝါးများတားဆီးနှိမ်နင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများလျှော့ ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအား ထိထိရောက်ရောက်ဟန့်တားရှင်းလင်းနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC)ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ပူး ပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင်ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြသည်။