ထိုင်းနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု ဒုက္ခကြီးမားနေ

ဘန်ကောက်၊ မတ် ၁၉ ရက်

ထိုင်းနိုင်ငံတစ်ဝန်း မြို့တော်ဘန်ကောက်မှသည် မြောက်ဘက်အကျဆုံး ချင်းရိုင်ခရိုင်အထိ အင်္ဂါနေ့တွင် စက်သုံးဆီ ပြတ်လပ်မှုများ က ပိုမိုဆိုးရွားလာပြီး ဈေးနှုန်းများ မြင့်တက်လာတော့မည်ဖြစ်ရာ မော်တော်ယာဉ်မောင်းများသည် ဆီဆိုင်များ၌ တန်းစီစောင့်ဆိုင်းနေကြရကြောင်း သိရသည်။

အမေရိက-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေကြောင်းသွားလာရေး အနှောင့်အယှက်ဖြစ်ကာ အရှေ့အလယ်ပိုင်းရှိ ရေနံချက်စက်ရုံများ ထိခိုက်ပျ-က်စီးခဲ့သဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ သို့ဖြစ်၍ အာဏာပိုင်များက ဒီဇယ်ဆီ လက်လီဈေးနှုန်းကို ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

သို့သော် အင်္ဂါနေ့သည် တစ်လီတာလျှင် ၃၃ ဘတ် (၁.၀၂ ဒေါ်လာ) နှုန်းဖြင့် နောက်ဆုံးသတ်မှတ်ထားသည့်နေ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် တစ်ဘတ်အောက်သာ ဈေးတက်မည်ဟု ထိုင်းပို့ဆောင်ရေးဝန်ကြီးက ပြောကြားထားသော်လည်း ပြည်သူအများစုကမူ ရက်ပိုင်းအတွင်း သိသိသာသာ ဈေးတက်လာမည်ကို စိုးရိမ်နေကြသည်။

နိုင်ငံ၏ နေရာအတော်များများတွင် စက်သုံးဆီ လက်ကျန်နည်းပါးနေပြီဖြစ်ပြီး ချင်းရိုင်ရှိ ဆီဆိုင်တစ်ခုအပြင်ဘက်တွင် ကားအစီးရေ ဒါဇင်ပေါင်းများစွာ တန်းစီလျက်ရှိကာ အခြားဆိုင်တစ်ခုမှာမူ ဆီ လုံးဝပြတ်လပ်သွားသဖြင့် လာရောက်သမျှ ယာဉ်များကို ပြန်လွှတ်နေရသည်။ အဆိုပါဆိုင်သည် အင်္ဂါနေ့တွင် ပုံမှန်ရရှိမြဲ ပမာဏ၏ သုံးပုံတစ်ပုံဖြစ်သော ဒီဇယ် ၈,၀၀၀ လီတာသာ ရရှိခဲ့ပြီး အောက်တိန်း ၉၅ မှာမူ လုံးဝမရရှိခဲ့ပေ။

“ဒါက ဝယ်ယူသူတွေအတွက် မလုံလောက်ပါဘူး” ဟု ဆိုင်ဝန်ထမ်း ကနုတ်ဝမ် ကန်တစ်ပ်က ပြောကြားသည်။ အချို့သော ဆီဆိုင်များသည် ကားတစ်စီးလျှင် လီတာ ၁၀၀ သာ (သို့မဟုတ်) ဘတ် ၁,၀၀၀ ဖိုးသာ ကန့်သတ်ရောင်းချပေးမည်ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြသည်။

အာဏာပိုင်များကမူ ဆီပြတ်လပ်မှုမှာ ဆီဖြန့်ဖြူးမှုအပိုင်း၌ အခက်အခဲရှိခြင်းနှင့် နာမည်ကြီးဆီဆိုင်ကြီးများတွင် ဝယ်လိုအားမြင့်တက်လာခြင်းကြောင့်သာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်ပေါင်း ၁၀၀ ခန့်အတွက် အရန်ဆီ လုံလောက်မှုရှိကြောင်း အခိုင်အမာ ပြောကြားထားပါသည်။ ထို့ပြင် ပြည်သူများအနေဖြင့် စွမ်းအင်ကို ချွေတာသုံးစွဲကြရန်နှင့် စိုးရိမ်စိတ်ဖြင့် ဆီများကို အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်း မပြုကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

Ref: ခမာတိုင်းမ်စ်

image