ရန်ကုန်မြို့ရှိ အကြီးစားစက်ရုံ (ဒဂုံ) ပိုင် မြေလွတ်များကို ပုဂ္ဂလိကသို့ ၅ နှစ်ငှားရန် တင်ဒါခေါ်ယူ

စက်မှုဝန်ကြီးဌာန၏ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) ပိုင် မြေလွတ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ နှစ်တို ငါးနှစ်ကာလဖြင့် ငှားရမ်းရန် တင်ဒါခေါ်ယူထားကြောင်း သိရသည်။

အဆိုပါမြေလွတ်များမှာ စက်မှုဇုန် (၁)၊ (၂၃) ရပ်ကွက်၊ မိုးကုတ်လမ်းရှိ မြေကွက်အမှတ် (၅၁၃A) တွင်တည်ရှိပြီး စက်မှုထုတ်ကုန်၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် သိုလှောင်ရုံလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တင်ဒါအမှတ်စဉ် (၁) အတွက် မြေလွတ်ဧရိယာ (၀.၆၉) ဧကနှင့် တင်ဒါအမှတ်စဉ် (၂) အတွက် (၀.၇၀) ဧကတို့ကို သီးခြားတင်ဒါများအဖြစ် ခေါ်ယူထားပြီး စိတ်ဝင်စားသူများအနေဖြင့် မိမိတင်လိုသည့် တင်ဒါအမှတ်စဉ်အလိုက် အဆိုပြုလွှာပုံစံကို ရွေးချယ်ဝယ်ယူ၍ တင်သွင်းနိုင်မည်ဖြစ်သည်။

ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများအနေဖြင့် တင်ဒါအဆိုပြုလွှာများကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထား၍ ပေးပို့တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါအဆိုပြုလွှာပုံစံများနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို မတ် ၁၈ ရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်အထောက်အထားများနှင့်အတူ အထက်ပါလိပ်စာတွင် လာရောက်ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို စက်မှုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင်လည်း ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် သိရှိလိုသည်များကို ဖုန်း ၀၆၇-၄၀၈၆၇၅ နှင့် ၀၆၇-၄၀၈၆၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

image