ချဲလ်ဆီးအနာဂတ်မရေမရာ ဖြစ်နေကြောင်း အန်ဇိုဖာနန်ဒက်ဇ် ဖွင့်ဟလာ
======================
ချန်ပီယံလိဂ်မှ ထွက်ခွာရပြီးနောက် ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်က လာမယ့်ရာသီတွင် ကလပ်တွင် ဆက်ရှိနေမလားဆိုတာ မသိကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ချဲလ်ဆီးဟာ အင်္ဂါနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီကို ၃-၀ ဖြင့် ရှုံးနိမ့်ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့် ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပါတယ်။
ဖာနန်ဒက်ဇ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ချဲလ်ဆီးသို့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၁ သန်း (ပေါင် ၁၀၇ သန်း)ဖြင့် ပြောင်းလာပြီးနောက် ပွဲပေါင်းတစ်ရာ့ငါးဆယ်ကျော်ကစားထားသူလည်း ဖြစ်ပါတယ်။
လာမယ့်ရာသီတွင် ချဲလ်ဆီးတွင် ဆက်ရှိနေမလားလို့ ESPN က မေးမြန်းလာချိန်မှာတော့ အာဂျင်တီးနားကွင်းလယ်လူက "မသိပါဘူး။ ၈ ပွဲကစားဖို့ ကျန်သေးတယ်။ အက်ဖ်အေဖလားလည်း ရှိသေးတယ်။ ပြီးရင် ကမ္ဘာ့ဖလား ရှိတယ်။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်ရမယ်"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒက်ဇ်ဟာ ယခုရာသီတွင် ချဲလ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၅ ပွဲကစားထားသူ ဖြစ်ပြီး ၁၂ ဂိုးသွင်းကာ ၆ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။