မေဂျာလိဂ်နှင့် ဆော်ဒီရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့် လုပ်ခလျှော့ယူကာ ဘာစီလိုနာတွင် ဆက်ကစားလာမယ့် လီဝန်ဒေါ့စကီး
====================
ရောဘတ်လီဝန်ဒေါ့စကီးဟာ မေဂျာလိဂ်နှင့် ဆော်ဒီပရိုလိဂ်တို့မှ ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ဘာစီလိုနာတွင်ပင် လုပ်ခလျှော့ယူကာ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ပိုလန်အသင်းခေါင်းဆောင်ဟာ မိသားစုဝင်များမှာ ကတ်တလန်တွင် အထိုင်ကျနေမှုနှင့်အတူ ဘာစီလိုနာနှင့်သာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုနေတာလည်း ဖြစ်ပါတယ်။
လီဝန်ဒေါ့စကီးဟာ ယခုရာသီအကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအပြင် ဆော်ဒီကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဒါပေမယ့် လာမယ့် ဩဂုတ်လတွင် အသက် ၃၈ နှစ်ပြည့်မယ့် ဒေါ့မွန်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းဟာ ထိပ်တန်းအဆင့်တွင် ကစားနိုင်ဆဲ ဖြစ်သလို မိသားစုမှာလည်း ဘာစီလိုနာတွင် အထိုင်ကျနေမှုကြောင့် လုပ်ခလျှော့ယူကာ ဆက်ကစားသွားပါမယ်။
လီဝန်ဒေါ့စကီးရဲ့အေးဂျင့်ပီနီဇဟာဗီဟာ ဘာစီလိုနာဥက္ကဌလာပေါ်တာနှင့် ပုဂ္ဂိုလ်ရေးပိုင်း ခင်မင်တဲ့သူ ဖြစ်ပြီး မကြာမီကာလတွင်းတွင် ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုနှင့် စာချုပ်ကိစ္စဆွေးနွေးမှုများ ပြုလုပ်လာဖို့ ရှိနေပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ဘဏ္ဍာရေးပြဿနာကြောင့် အသုံးစရိတ်ထိန်းညှိသုံးစွဲနေတဲ့ ဘာစီလိုနာအတွက် အဆင်ပြေစေရေးအတွက် လုပ်ခလျှော့ယူသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
တဖက်တွင် ဘာစီလိုနာဘုတ်အဖွဲ့ဟာ ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျာမန်လူမျိုးနည်းပြဟန်ဆီဖလစ်ကိုလည်း အနည်းဆုံး ၁ နှစ်သက်တမ်းတိုးရေး လုပ်ဆောင်သွားရန် စီစဉ်နေပါတယ်။
လီဝန်ဒေါ့စကီးဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၃၅ ပွဲကစားထားရာမှာ ၁၄ ဂိုးသွင်းထားပါတယ်။ သူဟာ ဘာစီလိုနာအတွက် ၁၈၂ ပွဲတွင် ၁၁၅ ဂိုးသွင်းထားပါတယ်။