2 ပတ် - ဘာသာပြန်ပါ။

ဖိလစ်ပိုင်မှာ လောင်စာဆီဈေးတွေ တက်နေလို့ ငွေကြေးထောက်ပံ့တာနဲ့ ယာဉ်စီးခတိုးမြှင့်တာတွေ လုပ်ဆောင်နေ

​အခုဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လောင်စာဆီဈေးတွေ အဆမတန်တက်လာလို့ အခက်တွေ့နေရတဲ့ ဖိလိုင်ပိုင်နိုင်ငံမှာ ယာယီဖြေရှင်းချက်အနေနဲ့ အစိုးရက ငွေကြေးထောက်ပံ့တာတွေ လုပ်ပေးနေပါတယ်။ အဲဒီအတွက် အင်္ဂါနေ့ (မတ်လ ၁၇ ရက်) က မနီလာမြို့မှာ သုံးဘီးဆိုင်ကယ် (Tricycle) မောင်းသူ ရာနဲ့ချီပြီး တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။

​ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ခဲ့ရာကနေ အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ အစိုးရဝန်ထမ်းတွေကို တစ်ပတ် ၄ ရက်ပဲ အလုပ်ဆင်းခိုင်းတာ၊ အချို့နေရာတွေမှာ ကူးတို့သင်္ဘောခရီးစဉ်တွေ လျှော့ချတာနဲ့ ရုရှားဆီကနေ ရေနံတင်သွင်းဖို့ စဉ်းစားတာမျိုးတွေ လုပ်ဆောင်လာရပါတယ်။

​အင်္ဂါနေ့က ဒရိုင်ဘာတွေ ထောက်ပံ့ကြေးစောင့်နေတုန်းမှာပဲ တာဝန်ရှိသူတွေက ဒေသတွင်း သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ယာဉ်စီးခကို တိုးမြှင့်လိုက်ပါတယ်။ အဲဒီအထဲမှာ ဖိလစ်ပိုင်လူမျိုး သန်းပေါင်းများစွာ အလုပ်သွားဖို့ နေ့တိုင်းအားကိုးနေရတဲ့ ဂျစ်ပ်နီ (Jeepney) ကားတွေလည်း ပါဝင်ပါတယ်။

​ဒါပေမဲ့ ဒီလိုစီးခတိုးမြှင့်ပေးမှုထဲမှာ လမ်းကျဉ်းလေးတွေထဲ ပြေးဆွဲပေးနေတဲ့ သုံးဘီးဆိုင်ကယ်မောင်းသူ ထောင်ပေါင်းများစွာတော့ မပါဝင်ပါဘူး။

​"ကျွန်တော့်ဘဝတစ်လျှောက်မှာ ဆီဈေး ဒီလောက်ထိတက်တာ တစ်ခါမှမကြုံဖူးသေးဘူး" လို့ သုံးဘီးမောင်းသက် ၄၀ ရှိပြီဖြစ်တဲ့ အသက် ၆၀ အရွယ် ရိုမီယို စီပရီယာနိုက ပြောပါတယ်။
​သူက သွေးတိုးရောဂါရှိတာကြောင့် ပူအိုက်တဲ့ဒဏ်ကို မခံနိုင်လို့ မနက် ၆ နာရီကတည်းက လာတန်းစီတာဖြစ်ပြီး၊ အခုရမယ့် ထောက်ပံ့ကြေး ပီဆို ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာခန့်) က "ဘာမှမရတာထက်စာရင်တော့ တော်သေးတာပေါ့" လို့ ဆိုပါတယ်။

​နောက်ထပ်ဒရိုင်ဘာတစ်ဦးဖြစ်တဲ့ အယ်လ်ဒီအိုကန်ပိုကတော့ သူ့ရဲ့ တစ်နေ့တာဝင်ငွေဟာ အရင်က ပီဆို ၁,၀၀၀ ရရာကနေ အခုအပတ်တွေထဲမှာ ပီဆို ၅၀၀ ပဲ ရတော့တယ်လို့ ပြောပါတယ်။ အခုရတဲ့ ထောက်ပံ့ကြေးဟာလည်း တစ်ပတ်စာလောက်ပဲ ခံမှာပါလို့ သူက AFP သတင်းဌာနကို ပြောပြပါတယ်။

​"ဒီနေ့လည်း ဆီဈေးက ထပ်တက်တယ်၊ ဒါပေမဲ့ ခရီးသည်တွေကလည်း ပိုက်ဆံအပိုမပေးနိုင်ကြတော့ ယာဉ်စီးခကတော့ ဒီအတိုင်းပဲ။ ဖြစ်နိုင်ရင်တော့ လောင်စာဆီအပေါ် ကောက်ထားတဲ့ အခွန်တွေကို ပယ်ဖျက်ပေးစေချင်တယ်။ အကုန်မဖျက်ပေးနိုင်ရင်တောင် ၅၀ ရာခိုင်နှုန်းလောက် လျှော့ပေးရင် စစ်ပွဲမပြီးခင်အထိ အများကြီး အထောက်အကူဖြစ်မှာပါ" လို့ ဒီအိုကန်ပိုက ဆိုပါတယ်။

​လောင်စာဆီအပေါ်ကောက်ခံတဲ့ အကောက်ခွန်တွေကို ယာယီရပ်ဆိုင်းဖို့ ဒါမှမဟုတ် လျှော့ချဖို့အတွက် သမ္မတ ဖာဒီနန်မားကို့စ်ကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းဖို့ လွှတ်တော်က ဒီနေ့နှောင်းပိုင်းမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။ သမ္မတကိုယ်တိုင်လည်း အခုထောက်ပံ့ကြေးပေးတဲ့နေရာကို ရောက်ရှိနေခဲ့တာပါ။

​သယ်ယူပို့ဆောင်ရေးထိန်းသိမ်းကွပ်ကဲမှုအဖွဲ့ ဥက္ကဋ္ဌ ဗီဂေါမန်ဒိုဇာကတော့ ယာဉ်စီးခတိုးမြှင့်ပေးလိုက်တာဟာ ခရီးသည်တွေနဲ့ အခက်တွေ့နေတဲ့ ယာဉ်မောင်းတွေအပေါ် "တကယ်ကို စာနာနားလည်ပေးတာ" ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ဂျစ်ပ်နီကားခတွေဟာ ပျမ်းမျှ ၈ ရာခိုင်နှုန်းလောက် တက်သွားမှာဖြစ်ပါတယ်။

​ဖိလစ်ပိုင်ဟာ ရေနံစိမ်းအတွက် အရှေ့အလယ်ပိုင်းကိုပဲ လုံးလုံးလျားလျား အားကိုးနေရတာဖြစ်ပြီး၊ အခု ဟော်မုဇ်ရေလက်ကြား ပိတ်သွားပြီးနောက်ပိုင်း အမေရိကန်က ရုရှားအပေါ် ရေနံရောင်းချမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ယာယီဖြေလျှော့ပေးခဲ့တာကြောင့် ရုရှားဆီကနေ ဝယ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။

​ဖိလစ်ပိုင်ရဲ့ တစ်ခုတည်းသော ရေနံချက်စက်ရုံ Petron ရဲ့ CEO ရာမွန်အန်းကလည်း ရုရှားဆီကနေ ရေနံဝယ်ဖို့အတွက် "ဆွေးနွေးနေတာတွေရှိတယ်" ဆိုတာကို AFP ကို အတည်ပြုပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။
​မနီလာက လူမှုကူညီရေးစင်တာမှာ
ထောက်ပံ့ကြေးရဖို့ စောင့်နေတဲ့ စီပရီယာနိုကတော့ စစ်ပွဲအမြန်ဆုံးပြီးဖို့ပဲ ဆုတောင်းနိုင်ပါတော့တယ်လို့ ဆိုပါတယ်။ "ဒါက ကျွန်တော်တို့ ဒရိုင်ဘာတွေတင် ထိခိုက်တာမဟုတ်ပါဘူး၊ ဘယ်သူမှလည်း စစ်ပွဲမှာ မအောင်နိုင်ပါဘူး" လို့ သူက ပြောသွားပါတယ်။

image