အခွန်ဥပဒေသစ်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို ပြည်သူတွေ စိုးရိမ်
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက် ဥပဒေသစ်မှာ ကုန်စည်တချို့အပေါ် အခွန်နှုန်းထားတွေကို တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
လက်ရှိ ပြဋ္ဌာန်းချက်အရ အထူးကုန်စည်အမျိုးအစား ဖော်ပြချက်မှာ စီးကရက်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးတွေ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနဲ့ ဝိုင်အမျိုးမျိုးတို့အပေါ် ကောက်ခံမယ့် အခွန်ကို အဆင့်ဆင့် တိုးမြှင့် သတ်မှတ်ထားတာဖြစ်ပါတယ်။
“အခွန်တိုးကောက်၊ ဈေးနှုန်းတွေ တိုးရောင်းနဲ့ နောက်ဆုံး ပြည်သူတွေပဲ တိုးပြီး ဒုက္ခရောက်ရတာ။ တဖက်မှာ အခွန် တိုးကောက်သလို တဖက်မှာ ကုန်ဈေးနှုန်း ကျဆင်းအောင် လုပ်ဖို့အတွက်ကိုလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါက အစိုးရရဲ့ ပေါ်လစီနဲ့ အများကြီး သက်ဆိုင်နေတာပါ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ဥပဒေသစ်အရ ပြည်ပက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေနဲ့ ပြည်ပကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အမျိုးအစားနဲ့ တန်ဖိုးအလိုက် အကောက်ခွန်နှုန်းထားတွေ သတ်မှတ် ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“အခုနှစ် ဥပဒေသစ်မှာ လူထုကြား ရိုက်ခတ်မှု အရှိဆုံးကတော့ အထူးကုန်စည်ခွန် (Special Goods Tax) ကဏ္ဍပါပဲ။ စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူစရိတ်တွေ မြင့်တက်၊ ကုန်ဈေးနှုန်းတွေ ပိုတက်လာတဲ့အချိန်မှာ အခွန်ကောက်တွေ တိုးလာတာကတော့ ဒီအချိန်မှာ စားသုံးသူတွေအတွက် ဆိုးကျိုး ပိုများလာနိုင်တာပေါ့။ အခုလို အခွန်နှုန်းထားတွေ အများကြီး တိုးမြှင့်လိုက်တယ် ဆိုတာက ကုန်စည်စီးဆင်းမှု ကွင်းဆက်တလျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်” လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိ ဥပဒေသစ်မှာ စီးကရက်ဈေးကွက်အတွက် အခွန်နှုန်းထား သုံးဆင့် ပြောင်းလဲထားတာ တွေ့ရပြီး အလိပ် ၂၀ ပါဝင်တဲ့ စီးကရက် တဘူးရဲ့ ရောင်းဈေးမှာ ၁၀၀၀ ကျပ်အောက် ဖြစ်ပါက တလိပ်ကို ၁၅ ကျပ် အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
ရောင်းဈေး ၁၀၀၁ ကျပ်မှ ၂၀၀၀ ကျပ်ကြားရှိတဲ့ အလယ်အလတ်တန်းစား စီးကရက်ဖြစ်ပါက တလိပ်ကို ၂၈ ကျပ်၊ ရောင်းဈေး ၂၀၀၁ ကျပ်နဲ့အထက် အဆင့်မြင့် စီးကရက်တွေအတွက် တလိပ်ကို ၃၁ ကျပ်အထိ အခွန်နှုန်းထား မြင့်တက်သွားမှာဖြစ်ပြီး ကျေးလက်ဒေသ သုံးစွဲမှုများပြားတဲ့ ဆေးပေါ့လိပ်တွေကတော့ တလိပ်ကို ၃ ကျပ်နှုန်းနဲ့ အနည်းငယ်သာ အခွန်ကောက်ခံဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
"အရင်က မားဗီးယပ်စ် လက်ဟောင်းစျေးက ၅၀၀၀ နဲ့ ၇၀၀၀ ပတ်လည်၊ အခုကတော့ 0.3 လက်ဟောင်းဆ်ိုရင် တယောက်ကို တဘူးပဲရောင်းတာ။ တသောင်း နှစ်ထောင့်ငါးရာနဲ့ တသောင်းခွဲကြား ရှိတယ်။ အသစ်ထုတ်တဲ့ဟာကတော့ တဘူး ၅၀၀၀ ပဲ။ ပြည်တွင်းထုတ်တွေ ဈေးသိပ်မတက်နိုင်ပေမယ့် ပြည်ပက သွင်းတာတွေတော့ ဈေးတက်လာနိုင်တယ်။ ဘီယာအတွက်ကျတော့လည်း အခွန်ကောက်ခံတာ များတယ်ပြောရမယ်” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိ ဥပဒေသစ်အရ အရက်နဲ့ ဘီယာ ဈေးနှုန်းတွေလည်း အပြောင်းအလဲ ဖြစ်နိုင်ခြေရှိနေပြီး ဘီယာအမျိုးမျိုးအပေါ် အခွန်နှုန်းထားကို ၆၀ ရာခိုင်နှုန်းအထိ မြင့်မားစွာ သတ်မှတ်ထားကာ အရက်အမျိုးမျိုး အတွက်ကိုတော့ တန်ဖိုးအလိုက် အခွန်ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
တလီတာတန်ဖိုး ၇၀၀ ကျပ်အောက် ဈေးအသက်သာဆုံး အရက်တွေ ဖြစ်ပါက ၃၈၇ ကျပ်၊ ၃၇,၅၀၁ ကျပ်နဲ့အထက် တန်ဖိုးမြင့်အရက်တွေ ဖြစ်ပါက တလီတာကို ၆,၆၁၃ ကျပ်အထိ အခွန်ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ ဝိုင်အမျိုးအမျိုးအတွက်ကိုလည်း အရည်အသွေးနဲ့ တန်ဖိုးအလိုက် အဆင့် ၁၃ ဆင့်ခွဲကာ အခွန်နှုန်းထားတွေ တိုးမြှင့်ထားပြီး အနိမ့်ဆုံး တလီတာ ၂၅၀ ကျပ်ကနေ အမြင့်ဆုံးကိုတော့ တလီတာ တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားတာ တွေ့ရပါတယ်။
ဒါအပြင် လူထုအသုံးများတဲ့ ကွမ်းစားဆေး၊ ဆေးရွက်ကြီးနဲ့ ဆေးတံသုံး ပစ္စည်းတွေအပေါ်မှာလည်း အခွန်နှုန်းထားကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။
“ကွမ်းစားဆေး ဈေးတွေက အခွန် မတိုးခင်ကတည်းက ဈေးက အမျိုးအစားအလိုက် အရင်ကထက် တဘူးကို ၄၀၀၀ ၊ ၅၀၀၀ ဝန်းကျင် ဈေးတက်နေပြီးသားပါ။ ဒီပုံစံအတိုင်း ဆိုရင်တော့ ဈေးကပိုပြီး အဆင့်ဆင့် တက်လာဦးမယ်ထင်တယ်။ တခါဝယ်၊ တခါဈေးတက်နဲ့ အမြတ်က ဈေးအရင်းထဲ ပါရင်းနဲ့ပဲ ချာလည် လည်နေပြီ။ ပစ္စည်းကလည်း အရင်လို လွယ်လွယ်ကူကူလည်း ဝယ်မရတော့ဘူး” လို့ ကွမ်းယာဆိုင် ဖွင့်လှစ်ထားသူ တယောက်က ပြောပါတယ်။
လက်ရှိဥပဒေမှာ ဆေးရွက်ကြီးနဲ့ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေးကို အခွန် ၆၀ ရာခိုင်နှုန်း၊ ဆေးပြင်းလိပ်နဲ့ ဆေးတံသောက်ဆေးတွေကို အခွန် ၈၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။