ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် သီရိလင်္ကာနိုင်ငံကြေညာ
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် လောင်စာဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အာရှနိုင်ငံများက ကြိုးပမ်းနေကြစဉ် သီရိလင်္ကာနိုင်ငံသည် လောင်စာဆီချွေတာရန်အတွက် အစိုးရဌာနများအားလုံးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာလိုက်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမှာဖြစ်ပေမဲ့ အကောင်းဆုံးဖြစ်လာဖို့တော့ မျှော်လင့်ရမှာပါ” ဟု သမ္မတ အနူရာ ကုမာရ ဒီသာနေယကက တနင်္လာနေ့တွင် ပြုလုပ်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ယခုလုပ်ရပ်သည် အရှေ့အလယ်ပိုင်းမှ ဒေသတွင်းသို့ ရေနံစည်ပေါင်းသန်းချီ တင်ပို့နေသည့် ဟော်မုဇ်ရေလက်ကြားကို စစ်ပွဲကြောင့် ပိတ်ဆို့ခံထားရပြီးနောက်ပိုင်း အာရှနိုင်ငံများက လုပ်ဆောင်လာသည့် ဆက်တိုက်ဆိုသလို ခြိုးခြံချွေတာရေး အစီအစဉ်များထဲမှ နောက်ဆုံးပေါ်ထွက်လာသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အဆိုပါ ရေလက်ကြားမှတစ်ဆင့် စီးဆင်းခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ကမ္ဘာ့ရေနံအများဆုံး တင်သွင်းသည့် ဒေသဖြစ်သော အာရှတိုက်သို့ ဦးတည်ခဲ့ခြင်းဖြစ်သည်။
အာရှဒေသရှိ အခြားနိုင်ငံများတွင်လည်း အာဏာပိုင်များသည် အမျိုးမျိုးသော ခြိုးခြံချွေတာရေး အစီအမံများကို ကျင့်သုံးနေကြပေသည်။ ဥပမာအားဖြင့်၊ ထိုင်းနိုင်ငံတွင် လေအေးပေးစက်အပေါ် မှီခိုမှုကို လျှော့ချရန်အတွက် လက်ရှည်အင်္ကျီ/ ဘောင်းဘီရှည်များအစား လက်တိုတီရှပ်များ ပြောင်းလဲဝတ်ဆင်ကြရန် အစိုးရက တိုက်တွန်းထားသည်။ မြန်မာနိုင်ငံတွင်မူ ကိုယ်ပိုင်မော်တော်ယာဉ်များကို လိုင်စင်နံပါတ်အပေါ် မူတည်၍ တစ်ရက်ခြားစီသာ မောင်းနှင်ခွင့်ပြုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်ချွေတာရန်အတွက် တက္ကသိုလ်များ၏ ရမ်ဇာန်ပိတ်ရက်များကို စောစီးစွာ စတင်လိုက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလှည့်ကျ မီးဖြတ်သည့်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် အချို့သောအစိုးရရုံးများသည် ဝန်ထမ်းများကို တစ်ပတ်လျှင် အနည်းဆုံး တစ်ရက် အိမ်မှနေ၍ အလုပ်လုပ်ရန် ညွှန်ကြားထားပြီး၊ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အစိုးရကဏ္ဍအတွင်း မလိုအပ်သော ခရီးသွားလာမှုများကို ပိတ်ပင်ထားသည်။ မားကို့စ်သည် မြင့်တက်လာသော ရေနံဈေးနှုန်းဒဏ်ကို ခံစားနေရသည့် သုံးဘီးမောင်းသူများ၊ တောင်သူများနှင့် တံငါသည်များကို ကူညီရန်အတွက် ပီဆို ၃,၀၀၀ မှ ၅,၀၀၀ ကြား (ဒေါ်လာ ၅၀ မှ ၈၄ ခန့်) ကို ငွေသားအထောက်အပံ့အဖြစ် ပေးအပ်မည်ဟုလည်း ကြေညာခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင်လည်း လောင်စာဆီချွေတာရန်အတွက် နိုင်ငံသားများအနေဖြင့် နေအိမ်တွင် ပိုမိုနေထိုင်ကြရန် တိုက်တွန်းထားပေသည်။ ထို့ပြင် အစိုးရက ပြည်သူများအား “စက်ဘီးစီးရန်၊ ကားအတူတူစီးရန်၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုရန်နှင့် မလိုအပ်ပါက ကိုယ်ပိုင်ယာဉ်အသုံးပြုမှုကို ကန့်သတ်ရန်” တောင်းဆိုခဲ့သည်။
သီရိလင်္ကာ၏ တစ်ပတ်လျှင် လေးရက်သာ အလုပ်လုပ်ရမည့်စနစ်သစ်သည် ကျောင်းများနှင့် တက္ကသိုလ်များတွင်ပါ သက်ရောက်မှုရှိမည်ဖြစ်သော်လည်း ကျန်းမာရေးနှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့သော မရှိမဖြစ် ဝန်ဆောင်မှုပေးသည့် အစိုးရဌာနများကိုမူ ထိခိုက်မည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အာဏာပိုင်များသည် အစိုးရရုံးများ သုံးရက်ဆက်တိုက် ပိတ်မသွားစေရန်အတွက် ထပ်တိုးရုံးပိတ်ရက်အဖြစ် သောကြာနေ့အစား ဗုဒ္ဓဟူးနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။
မော်တော်ယာဉ်မောင်းသူများအနေဖြင့်လည်း လူတစ်ဦးချင်းစီ ဝယ်ယူနိုင်မည့် စက်သုံးဆီပမာဏကို ကန့်သတ်ထားသည့် အမျိုးသားလောင်စာဆီကတ် တွင် မှတ်ပုံတင်ရန် ဝယ်ယူရမည်ဖြစ်သည်။ ကိုယ်ပိုင်ကားများအတွက် ၁၅ လီတာနှင့် ဆိုင်ကယ်များအတွက် ၅ လီတာသာ သတ်မှတ်ထားသည့် စက်သုံးဆီခွဲတမ်းမှာ နည်းပါးလွန်းသည်ဟု ခံစားရသော သီရိလင်္ကာနိုင်ငံသားအချို့အကြား မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိပေသည်။ ယခုကဲ့သို့ ခွဲတမ်းဖြင့် ရောင်းချသည့်စနစ်ကို ၂၀၂၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ ပြတ်လပ်ပြီး မရှိမဖြစ်ကုန်စည်များနှင့် စက်သုံးဆီ လုံလောက်စွာ တင်သွင်းနိုင်ခြင်းမရှိသည့် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကာလတွင် ပထမဆုံး စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းက အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်မှစ၍ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ဝန်းကျင်၌ ရှိနေကြောင်း သိရသည်။
Ref: ဘီဘီစီ