ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာကိုမှီခိုမှုအတွက်သင်ခန်းစာရ--ကုလ

အီရန်စစ်ပွဲကြောင့်စွမ်းအင်ဈေးကွက်များ အနှောင့်အယှက်ဖြစ်ရမှုသည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှု၏ အန္တရာယ်များတွင် အလွန်ဆိုးရွားသော သင်ခန်းစာတစ်ခုဖြစ်ပြီး အစိုးရများအနေဖြင့် ၎င်းတို့၏ စီးပွားရေးတွင် ရေနံ၊ ဓာတ်ငွေ့အပေါ် မှီခိုအားထားနေမှုကို လျှော့ချရမည်ဆိုသည်ကို အလေးအနက်ဖော်ပြနေကြောင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အတွင်းရေးမှူးက အီးယူမူဝါဒချမှတ်သူများကို ယနေ့တွင် ပြောကြားမည်ဖြစ်သည်။

ပထဝီအနေအထားအရ အရှေ့အလယ်ပိုင်းရှိ အကျပ်အတည်းနှင့် ဝေးကွာနေသော်လည်း ကမ္ဘာတစ်ဝန်း စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် အနှောင့်အယှက်ကို ကြုံခဲ့ရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်‌နေ့တွင် စတင်ခဲ့သော စစ်ပွဲအတွင်း ဥရောပဓာတ်ငွေ့ဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုသည် နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေပြီး စရိတ်စကများကို မြင့်တက်‌စေသည်ဟု ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့ UNFCCC ၏ အမှုဆောင်အတွင်းရေးမှူး ဆိုင်မွန်စတီယဲလ်က ဘရပ်ဆဲလ်တွင် ကျင်းပမည့် ပွဲအခမ်းအနားတစ်ခုတွင် အီးယူအရာရှိများနှင့် အစိုးရဝန်ကြီးများကို ပြောကြားမည်ဖြစ်သည်။

“ဥရောပသည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတင်သွင်းမှုအပေါ် အခြားအဓိကစီးပွားရေးအင်အားကြီးများထက် ပိုမိုမှီခိုနေရသည်” ဟု လောင်စာဆီအပေါ် မှီခိုအားထားမှုသည် သုံးစွဲသူများအား ပထဝီနိုင်ငံရေး တုန်လှုပ်ခြောက်ချားမှုများနှင့် ဈေးနှုန်းအတက်အကျ၏ ဒဏ်ကိုခံရ‌သော အခြေအနေကို ကျရောက်စေကြောင်း သတိပေးသည့် အခမ်းအနားအတွက် ပြင်ဆင်ထားသည့် မိန့်ခွန်းတွင် စတီယဲလ်က ပြောကြားထားသည်။

အီးယူသည် ၎င်းအတွက်လိုအပ်သော ရေနံ ၉၀ ရာခိုင်နှုန်းကျော်နှင့် သဘာဝဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းကို တင်သွင်းမှုများမှ ရသည်။

အီးယူခေါင်းဆောင်များသည် စားသုံးသူများကို စွမ်းအင်ဈေးနှုန်းမြင့်တက်မှု၏ဒဏ်မှ ကာကွယ်ရန် အရေးပေါ်အစီအမံများကို အလျင်စလို ရေးဆွဲလျက်ရှိသည်။

ရေရှည်တွင် ဥရောပကော်မရှင်သည် နိုင်ငံများ၏ စွမ်းအင်ဖူလုံစေရေးနှင့် မတည်ငြိမ်သော လောင်စာဈေးနှုန်းဖြစ်ရပ်များမှ လွတ်မြောက်စေရန် ၎င်း၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာတွင် ရုပ်ကြွင်းလောင်စာများကို ပြည်တွင်းထုတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်ဖြင့် အစားထိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် အီတလီနှင့် ဟန်ဂေရီအပါအဝင် အစိုးရများသည် စက်မှုလုပ်ငန်းများကို ရေတိုကုန်ကျစရိတ်သက်သာ စေရန်အတွက် ၎င်း၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများကို ဖြေလျှော့ပေးရန် ဘရပ်ဆဲလ်ကို တိုက်တွန်းနေကြသည်။

Ref: တိုင်းမ်စ်ဆော့ဖ်အစ္စရေး

image