စစ်ပွဲကြောင့် ရှီနှင့် ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းဖို့လုပ်နေ--ထရမ့်ပ်
အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို တစ်လခန့် ရွှေ့ဆိုင်းထားနိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
“တစ်လ ဒါမှမဟုတ် ဒီထက်ပို ရွှေ့ဆိုင်းထားဖို့ ငါတို့ တောင်းဆိုထားပါတယ်” ဟု တနင်္လာနေ့က အိမ်ဖြူတော်တွင် သတင်းထောက်များကို ထရမ့်ပ်က ပြေကြားခဲ့သည်။
“ဒါက လှည့်ကွက်မရှိပါဘူး၊ အရမ်းရိုးရှင်းပါတယ်။ ငါတို့ စစ်ပွဲဆက်ဖြစ်နေတယ်။ ငါတို့ ဒီမှာရှိနေဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ထရမ့်ပ်၏ တောင်းဆိုမှုသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်အပေါ် အီရန်စစ်ပွဲက ပြောင်းလဲစေခဲ့ကြောင်း ပေါ်လွင်စေသည်။
အီရန်စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကို ပိုင်းခြားသော ကိစ္စရပ်များထဲမှ တစ်ခုအဖြစ် ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးတို့နှင့်အတူ ပါဝင်လာပြီး ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်။
“သမ္မတကြီးက တရုတ်နိုင်ငံကို သွားဖို့ မျှော်လင့်ထားပါတယ်” ဟု အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးမှူး ကာရိုလင်း လီဗစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
"ရက်တွေကို ရွှေ့ဆိုင်းနိုင်ပါတယ်။ စစ်သေနာပတိချုပ်တစ်ယောက်အနေနဲ့ ဒီ အော်ပရေးရှင်း အက်ပစ်ဖျူရီရဲ့ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့က သူ့ရဲ့ နံပါတ်တစ်ဦးစားပေးပါ။ ဒါကြောင့် ရက်တွေကို ကျွန်တော်တို့ အမြန်ဆုံး အသိပေးပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: အယ်လ်ဂျာဇီးယား