ကဘူးလ်ဆေးရုံမှာ လူ ၄၀၀ ထက်မနည်း ‌ေ-သဆုံးကြောင်း အာဖဂန် ပြော

အာဖဂန်နစ္စတန်မြို့တော်ရှိ မူးယစ်ဆေးစွဲသူများကုသရေး ဆေးရုံတစ်ခုကို တနင်္လာနေ့တွင် ပါကစ္စတန်က လေကြောင်းမှတိုက်ခိုက် သဖြင့် လူ ၄၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန်က စွပ်စွဲခဲ့သည်။ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအပြင် အာဖဂန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ခဲ့သည့် ပြီးခဲ့သည့်လတွင် စတင်ခဲ့သော ပဋိပက္ခသည် သိသိသာသာအရှိန်မြင့်လာသည်ကို ယခုဖြစ်ရပ်က မြင်သာစေသည်။ အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာ၏ တောင်းဆိုမှုများသည်လည်း လျစ်လျူရှုခံခဲ့ရသည်။

ပါကစ္စတန်ဘက်ကမူ ဆေးရုံကို ထိမှန်ခဲ့သည်ဟူသော စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အာဖဂန်အရှေ့ပိုင်းနယ်မြေများတွင်လည်း ပြုလုပ်ခဲ့သော ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်ဖက်ပစ်မှတ်များကို ထိမှန်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ဆေးရုံကို ထိမှန်ခဲ့ပြီး ကုတင် ၂,၀၀၀ ဆန့်ဆေးရုံ၏ အစိတ်အပိုင်းများစွာကို ပျက်စီးစေခဲ့ကြောင်း အာဖဂန်အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖီထရတ်က X ပေါ်ပို့စ်တင် ပြောကြားခဲ့သည်။ လက်ရှိအထိ သေဆုံးဦးရေ ၄၀၀ ရှိနေကာ လူ ၂၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ်တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာဖဂန်ဘက်တွင် လူလေးဦး သေဆုံးခဲ့သည်ဟု အာဖဂန်အရာရှိများက ပြောကြားခဲ့အပြီး နာရီပိုင်းအကြာတွင် ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရက်သတ္တသုံးပတ်အတွင်း ဝင်ရောက်လာပြီဖြစ်သော အိမ်နီးချင်းနှစ်နိုင်ငံအကြား ပဋိပက္ခတွင် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်လာသည်။

အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ပါကစ္စတန်သည် ဆေးရုံများနှင့် အရပ်သားနေရာများကို ပစ်မှတ်ထား၍ ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း X ပေါ်တွင် စွပ်စွဲခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာရှ်ဘတ်ရှရစ်ဖ်၏ ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ် ဇိုင်ဒီကမူ စွပ်စွဲချက်များကို အခြေအမြစ်မရှိဟု ပယ်ချခဲ့ပြီး ကဘူးလ်တွင် မည်သည့်ဆေးရုံကိုမျှ ပစ်မှတ်ထားခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Ref: စီအင်န်အင်န်

image