မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
မြန်မာ့သံတမန်ရေးရာ သမိုင်းကြောင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိခဲ့ပြီး ခေတ်အဆက်ဆက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။
ယမန်နေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထိတွေ့ဆက်ဆံရေးနှင့် သဟဇာတဖြစ်ရေးကို အလေးထားသည့် သံတမန်နည်းလမ်း (Engagement and Harmony Oriented Diplomacy) ကို ကျင့်သုံးလျက်ရှိရာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် အလေးထားဆောင်ရွက်လျက်ရှိရာတွင် ICJ ၌ ခိုင်မာစွာ ခုခံချေပခြင်းများလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှုများအား Zero Tolerance Policy ဖြင့် နှိမ်နင်းခြင်းတို့တွင် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်၍ နိုင်ငံတော်အပေါ် ယုံကြည်မှုနှင့် လေးစားမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း လည်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့ကြောင်း သိရသည်။