ကာဇက်စတန်နိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ သွားရောက်လေ့လာ
ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မတ်လ ၁၅ ရက်က
ကျင်းပပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လေ့လာရေးအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် ဦးခင်မောင်ကြီးတို့သည် သွားရောက်လေ့လာပြီးနောက် ယမန်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း သိရသည်။
လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၄ ရက်တွင် ဗဟိုဆန္ဒခံယူပွဲကော်မရှင် (The Central Referendum Commission of the Republic of Kazakhstan – CRCRK) ၌ ကျင်းပပြုလုပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ မတ် ၁၅ ရက်တွင် မဲရုံများ စတင်ဖွင့်လှစ်မှုအခြေအနေနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုလုပ်ငန်းစဉ်များကို လေ့လာခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မဲရုံပိတ်ခြင်းနှင့် မဲရေတွက်မှုလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ကြပြီး မတ် ၁၆ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ကနဦးရလဒ်များ ထုတ်ပြန်ခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် လေ့လာရေးခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။