VAR အမှားကြောင့် အာဆင်နယ်နှင့်ပွဲတွင် ဘရိုက်တန် ပင်နယ်တီ မရရှိခဲ့ခြင်းဖြစ်ကြောင်း ပရီးမီးယားလိဂ်ဝန်ခံလာ
====================
ပရီးမီးယားလိဂ်က ဘရိုက်တန်မှာ မတ်လ ၄ ရက်နေ့တုန်းက အိမ်ကွင်းတွင် အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ဝန်ခံလာပါတယ်။
ဘရိုက်တန်ဟာ ဘူကာယိုဆာကာရဲ့ ၉ မိနစ်ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမယ့်လည်း ပထမပိုင်းအချိန်ပို ၃ မိနစ်တွင် ဂိုးရရှိရေး တိုက်စစ်ဖွင့်ခဲ့ပါတယ်။
ဘယ်ခြမ်းမှ ဖြတ်တင်ဘောအား ဘရိုက်တန်အလယ်တန်းကစားသမားမတ်ဝီဖာက ရယူရေး ဧရိယာအတွင်း ပြေးဝင်ခဲ့ပေမယ့် ဂါဘရီရယ်မာတင်နယ်လီကြောင့် လဲကျသွားခဲ့ပါတယ်။
ဒိုင်လူကြီးခရစ်ကာဗာနစ်ချ်က ပွဲကို ဆက်ကစားစေခဲ့ပြီး VAR ဒိုင်မိုက်ကယ်ဆာလစ်ဘူရီကလည်း ခွင့်ပြုခဲ့ပါတယ်။
ဖေဘီယံဟူဇီလာဟာ စတုတ္ထဒိုင်လူကြီးထံသို့ သွားရောက် စောဒကတက်ခဲ့ရာမှာ ကွင်းဘေးစည်းနားတွင် မီခေးလ်အာတီတာနှင့် အချင်းများခဲ့ရပါတယ်။
ထိုစဉ်တုန်းက Premier League Match Centre က ရှင်းလင်းမှုမရှိသလို အမှားအယွင်းမရှိကြောင်း ဆိုသွားပါတယ်။
ယခုအခါ ပရီးမီးယားလိဂ်ရဲ့ Key Match Incidents (KMI) Panel က VAR ဟာ ယင်းဖြစ်ရပ်အား ကြားဝင်စစ်ဆေးလာခြင်း မရှိမှုက မှားယွင်းကြောင်း 3:2 ဖြင့် ဆုံးဖြတ်လာပါတယ်။
Key Match Incidents (KMI) Panel က "မာတင်နယ်လီက ဘောလုံးကို မကြည့်ဘူး။ ပင်နယ်တီဧရိယာထဲမှာ ဝီဖာကို ဆွဲတယ်။ ဘရိုက်တန်ကစားသမားကို ဘောလုံးမရအောင် တားတယ်"လို့ ဆုံးဖြတ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီဇင်ဘာလတုန်းက အဲဗာတန်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင်လည်း VAR ဒိုင်ရဲ့ ကြားဝင်စစ်ဆေးမှု မရှိမှုကြောင့် ပင်နယ်တီ မပေးခဲ့ရကာ အမှတ်ဆုံးရှုံးရနိုင်တဲ့ အခြေအနေမှ ရှောင်လွဲနိုင်ခဲ့ပါတယ်။
ယခုရာသီအတွင်းတွင် VAR ရဲ့အမှားမှာ ၁၈ ကြိမ်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။