အသင်းရဲ့ အဓိကကစားသမားမှာ လူသတ်ရန် ကြိုးပမ်းမှု၊ မူးယစ်ဆေးရောင်းဝယ်မှုဖြင့် စွဲချင်တင်ခံရပြီးနောက် ရမှတ် ၂၇ မှတ်လျှော့ချခံလာရတဲ့ ကလပ်
==================
ဘောလုံးကလပ်တစ်ခုဟာ အသင်းရဲ့ စတားကစားသမားမှာ လူသတ်ရန် ကြိုးပမ်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဖြင့် စွဲချက်တင်ခြင်းခံရပြီးနောက် ရမှတ် ၂၇ မှတ်လျှော့ချခြင်းခံလာရပါတယ်။
ဂျာမန်ကလပ် SpVgg Haidhause ဟာ တောင်ပံကစားသမားမာတီယိုဗစ်မာရဲ့ သွင်းဂိုး ၉ ဂိုးအထောက်အပံ့ဖြင့် ဒေသတွင်းလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ ကစားသမားဟာ ၂၀၁၄ ခုနှစ်ကတည်းက ဒေသတွင်းကလပ်များတွင် ကစားလာမှုနှင့်အတူ လူသိများတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဒီဇင်ဘာလနှောင်းပိုင်းတုန်းက မြူးနစ်မြို့၊ အိုဘာဒန် ဆင်ခြေဖုံးရပ်ကွက်တွင် ရဲအရာရှိများကို ကားဖြင့် မောင်းဝင်တိုက်ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
သူ့နေအိမ်တွင် ခရစ္စတယ်မက်သ်နှင့် ဟီးရိုးအင်း ၅ ကီလိုအထိ တွေ့ရှိသလို သေနတ်များ၊ ပတ်စ်ပို့တုများ၊ ယူရို ၅၀၀၀၀ တို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဝင်များက ယင်းလူမှာ မာတီယိုဗစ်မာဆိုတဲ့ အမည်တုကို အသုံးပြုကာ ဘောလုံးကစားနေသူ ဖြစ်ကြောင်း တွေ့ရပါတယ်။
လက်ရှိအချိန်တွင် သူဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး လူသတ်ရန် ကြိုးပမ်းမှု၊ လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးရောင်းဝယ်မှုတို့ဖြင့် အမှုရင်ဆိုင်နေရပါတယ်။
တဖက်တွင် Bavarian FA, BFV ဟာ အမည်တုကို အသုံးပြုပြီး ကစားနေတဲ့ ကစားသမားတစ်ဦးအား အသုံးပြုမှုအတွက် Haidhausen ကို ရမှတ် ၂၇ မှတ်အထိ လျှော့ချလာပါတယ်။
ကလပ်ဘက်က ယင်းအရေးယူမှုကို အယူခံဝင်ထားပြီး ဗစ်မာရဲ့ နှစ်ဘဝ ရှင်သန်နေမှုကို မသိကြောင်း ဆိုထားပါတယ်။